this site the web

1481..ငလျင်လှုပ်ခြင်းနှင့် သတ္တ၀ါများ ဆက်စပ်ပုံ နှင့် အတိတ်ငလျင်အထောက်အထားများ ( 23.1.11 )

 



                    လွန်ခဲ့သည့် လအနည်းငယ်က ပဲခူးမြို့အနီး ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမပေါ်၌ ကြွက်အုပ်တစ်ခု တွေ့ခဲ့ပြီး ငလျင်နှင့်ပါတ်သက်၍ မေမြန်းပြောဆိုမှုများရှိခဲ့သည်။ တိရစ္ဆာန်များ ရုတ်တရက်ထူးထူးခြားခြား ပြုမူလျှင် ငလျင်ကဲ့သို့သဘာဝဘေး ဖြစ်ပေါ်နိုင်ကြောင်းကို ခန့်မှန်းပြောဆိုကြပြီး ကမ္ဘာ့အခြားအရပ်များ တွင် တွေ့ကြုံခဲ့ရဘူးကြောင်း စာပေရေးသားမှုများရှိခဲ့သည်။ တရုပ်ပြည်၏ တန်ရှမ်းငလျင်အကြိုဖြစ်ရပ်များ သည် လူသိများသည်။ မြွေများနှင့် တွင်းအောင်းသတ္တ၀ါများ အပြင်ထွက်လာခြင်း၊ ဘဲနှင့် အခြားအကောင် များ အုပ်လိုက်နေရာပြောင်းရွေ့ကြခြင်း၊ တိရစ္ဆာန်ရုံမှ ၀က်ဝံများ အော်ဟစ်နေကြခြင်း စသည်တို့ဖြစ်သည်။ ထိုအကြောင်းနှင့်ပါတ်သက်၍ ၂၀၀၄ ခုနှစ်က တရုတ်ယူနန်သို့ ငလျင်ပညာရပ်ဆိုင်ရာလေ့လာရေး ခရီး ရောက်ရှိခိုက် မေးမြန်းခဲ့ဘူးသည်။ ဖြစ်ရပ်များကို ဖေါ်ပြချက်မှန်ကန်သော်လည်း အားကိုးရသည့် ခန့်မှန်း နည်းမဟုတ်ကြောင်း ပြန်ဖြေပါသည်။

ငလျင်လှုပ်ခြင်းနှင့် သတ္တ၀ါများ ဆက်စပ်ပုံ

                 ငလျင်သည် မြေတွင်းအနက်တစ်နေရာ၌ဖြစ်သည်။ ကျောက်ဆိုင်ထုအတွင်း မြေတွင်းဖိအားများကြောင့် အက်ရာစတင်ဖြစ်ပေါ်ပြီး ထိုအက်ကြောင်းမျက်နှာပြင်တစ်လျောက် ရုတ်တရက်ကျိုးပြတ် ပွတ်တိုက်ရွေ့ လျောခြင်းကြောင့် ဖြစ်သည်။ ထိုသို့ကျိုးပြတ်ခြင်းမဖြစ်မီ ဖိအားကြောင့် ကျောက်ဆိုင်ထုအတွင်း ကျုံ့ခြင်း၊ ပွခြင်းဖြစ်သည်။ ရွေ့လျားခြင်းဖြစ်သည်။ နဂိုရှိရင်းစွဲ ကျောက်လွှာထုနှင့်နှိုင်းဆလျှင် ထိုရွေ့မှုမှာ မမြင်သာ သလောက်ဖြစ်သည်။ နှိုင်းရအရွေ့တစ်မျိုးဖြစ်သည်။ ဖိစီးအား(Stress) ကြောင့် ဖြစ်သော နှိုင်းရအရွေ့ ဖြစ်သဖြင့် ဒါဏ်(Strain) ဟုခေါ်ရသည်။ ဖိအားများလျှင်ဒါဏ်များသည်။ ဖိအားနည်းလျှင် ဒါဏ်နည်းသည်။ ဖိအားပမာဏ အတိုင်းအတာတစ်ခုအထိ ကျိုးပြတ်ခြင်း၊ အက်ကွဲခြင်းမရှိ၊ ကြုံဆန့်နိုင်သည်။ ဖိ(ဆန့်)အား နှင့် ဒါဏ် တိုက်ရိုက်အချိုးကျသည်။ ထိုအခြေ အနေတွင် ငလျင်မဖြစ်ပါ။ ပုံ (၁)တွင် ဤသဘောကို သရုပ်ပြ ထားပါသည်။

ပုံ(၁) ငလျင်ဖြစ်ပေါ်ပုံ သရုပ်ဖေါ်ရှင်းလင်းချက်

ဖိ(ဆန့်)အားသည် တဖြည်းဖြည်း များလာပြီး ဒါဏ်လည်းတိုးလာသည်။ အခြေအနေတစ်ခုတွင် အားနှင့် ဒါဏ် အချိုးမကျ၊ ကြုံ့နိုင်ဆန့်နိုင်မှု မဖြစ်နိုင်တော့။ သို့သော် ကျိုးပြတ်ခြင်းမဖြစ်သေး။ ထိုအဆင့်ကို yield point ဟုခေါ်သည်။ အက်ကွဲမှု အနည်းငယ်စဖြစ်သည်။ တုန်ခါမှုများဖြစ်တတ်ပါသည်။ ကြိမ်နှုန်းနိမ့်သော ထိုတုန်ခါမှုကို စွမ်းအားမြင့်သည့် တိုင်းတာစက်များနှင့် မြေ၌နေသော တိရစ္ဆာန်များက ခံစားရရှိနိုင်ပါသည်။ yield point အလွန်တွင် အကြို ငလျင်ငယ်များလည်း ဖြစ်နိုင်ပါသည်။ အင်းဝငလျင်ကြီး (၁၈၃၉) မဖြစ်မီ နာရီပိုင်းအလိုတွင် မင်္ဂလာဆင်တော်က ထိုတုန်ခါမှုကို ခံစားသိရသဖြင့် တင်းကုပ်မှထွက်ကာ ဆင်ဦးစီးကို ကယ်တင်ခဲ့ကြောင်း သိမှတ်ရဘူးသည်။ တောင်တွင်းကြီးငလျင် (၂၀၀၃) မဖြစ်မီ နာရီပိုင်းတွင် အိမ်အောက် ၌ချည်ထားသော နွားများ ခွါရှပ်ခြင်း၊ နှာမှုတ်ခြင်း၊ ရုန်းကန်အော်ဟစ်ခြင်းများ ပြုခဲ့ကြောင်း ဆပ်သွားရွာသား တစ်ဦးက ပြောပြခဲ့ဘူးသည်။ ထိုတုန်ခါမှုသည် အင်အားနည်းသဖြင့် ငလျင်ဗဟိုချက်နှင့် နီးသော အရပ်များ ၌သာသက်ရောက်မှုပိုနိုင်သည်။ ဝေးသွားလျှင် ခံစားသိရှိနိုင်မှု မရှိသလောက်ဖြစ်သွားသည်။
ကျောက်လွှာ၏မျက်နှာပြင်၌ ဖိကြိတ်ပွတ်တိုက်နေသဖြင့် မကျိုးမပြတ်မခြင်း မြေတွင်းအပူ မြင့်တက်လျှက် ရှိသည်။ ထိုအပူသည် ပြတ်ရွေ့ပြင်တစ်လျှောက်နှင့် အနီးဝန်းကျင်သို့ ဖြည်းဖြည်းချင်းပြန့်သွားသောအခါ ပုံမှန်မဟုတ်သော အပူဖြစ်သဖြင့် မြွေ၊ ငါးရှဥ့် စသည့် မြေအောင်းသတ္တ၀ါများက ခံစားသိရှိကြသည်။ တွင်းမအောင်းကြတော့ပဲ အပြင်ထွက်လာကြသည်။ ယူနန်ပြည်ငလျင်စောင့်ကြည့်လေ့လာရေးသို့ ရောက်ခဲ့ စဉ်က မြေတွင်းအပူပြောင်းလဲမှုကို စောင့်ကြည့်တိုင်းတာမှုများ ဆောင်ရွက်ထားသည်ကို တွေ့ဘူးသည်။ ထိုအပူသည် ရေထုကိုပါပူစေသောကြောင့် တွင်းနက်များတူးက မြေအောက်ရေ အပူချိန်ကို တိုင်းတာရေး ကိရိယာများတပ်ဆင်၍ အချိန်ပြည့် တိုင်းတာကြခြင်းဖြစ်သည်။ ထိုမြေတွင်းအပူနှင့်အတူ ဓါတ်ငွေ့အချို့ပါ ထွက်တတ်သည်။ ထို့ကြောင့် ရေနမူနာကို မကြာခနထုတ်ယူ ဓါတ်ခွဲစမ်းသပ်ရသည်။

ဓါတ်ငွေ့နှင့် မြေထုချပ်ရွေ့ပုံတိုင်းတာခြင်း

             ရေဒွန်ဆိုသည့် ဓါတ်ငွေ့သည် ထိုငလျင်ဖြစ်စေနိုင်သည့် ပြတ်ရွေ့ပြင်တစ်လျောက် အပူနှင့်အတူ လေထဲသို့ တိုးထွက်လာ တတ်သည်။ ကမ္ဘာ့လေထုထဲရောက်သောအခါ အေး၍ ရေငွေ့ပါသောလေနှင့်တွေ့ကာ ငွေ့ရည်ဖွဲ့နေတတ် သည်။ ထိုအခါ ပြတ်ရွေ့ကြောင်းတစ်လျောက် ငလျင်မလှုပ်မီ အချိန်အတန်စော၍ တိမ်ကဲ့သို့ အငွေ့တန်း တစ်ခု ဖြစ်နေတတ်သည်။ တောင်တွင်းကြီးငလျင်မလှုပ်မီ ညနေစောင်းတွင် ပဲခူးရိုးမ (ငလျင်လှုပ်သည့် နေရာဝန်းကျင်) တွင် တိမ်ကဲ့သို့ အနီရောင်တန်းများကို သတိထားမိကြောင်း ရွာသားများက ပြန်ပြောပြ ဘူးသည်။
Tiltmeter ဟုခေါ်သည် ကိရိယာတစ်မျိုးကို ကျောက်လွှာများ ရွေ့မှုသိရန် တပ်ဆင်အသုံးပြုကြသည်။ ဟိုင်ချန်ငလျင်ကို ဤသို့တိုင်းတာခန့်မှန်းအောင်မြင်ကြောင်းသိရသည်။ ငလျင်မဖြစ်မီ တစ်နှစ်လောက်က စ၍ ကျောက်လွှာများ ရွေ့မှုရှိကြောင်း ထိုကိရိယာများကပြသည်။ ပုံမှန်ရွေ့ရာမှာ မသိမသာ ရွေ့နှုန်း တိုးလာသည်။ ထိုမှ ငလျင်လှုပ်ရန် ၂ ရက်အလိုတွင် ရွေ့မှုလုံးဝမပြတော့ဘဲ ရပ်နေသည်။ ထို့နောက် အကြိုငလျင်များလှုပ်သည်။ ထို့နောက် ငလျင်ကြီးလှုပ်သည်။
ဤသို့ကိရိယာများတပ်ဆင်တိုင်းတာ၍ ခန့်မှန်းခြင်းသည် ပို၍ထိရောက်နိုင်ပေသည်။ တိရစ္ဆာန်များသည် လည်း အာရုံခံစားတတ်သော၊ ကြောက်တတ်သော သတ္တ၀ါများဖြစ်သောကြောင့် စိတ်မချရပေ။
ငလျင်သည် ကမ္ဘာ့အတွင်းတစ်နေရာ၌ အစပြုသဖြင့် မည်သည့်နေရာမှာ ဖြစ်မည်ဟု မခန့်မှန်းနိုင်ပေ။ သို့သော် ဘူမိဗေဒသဘောအရ မြေထုချပ်ကြီးများရွေ့စေနိုင်သောအနားစွန်းများ Plate Boundaries၊ မြေထုချပ်ကြီးများမဟုတ်ပဲ အတော်အတန်ထူထဲသော ကျောက်လွှာများ ကွဲပြတ်ရွေ့စေနိုင်သော ပြတ် ရွေ့ကြီးများ Faults တစ်လျောက်၌ လှုပ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့ စသည်တို့ဖြစ်သည်။ သို့သော် နေရာ အချိန်ကာလအားဖြင့် မည်သို့လှုပ်မည် ပြောရန် မဖြစ် နိုင်ပါ။

အတိတ်ငလျင်အထောက်အထားများလေ့လာခြင်း

အချို့သော ပညာရှင်များက အတိတ်ကဖြစ်ခဲ့သော ငလျင်အထောက်အထားများကို လေ့လာဆန်းစစ်၍ ခန့်မှန်းကြသည်။ ရခိုင်ဒေသတွင် ၁၇၆၂ က ငလျင်ကြီးတစ်ခုလှုပ်ခဲ့ဘူးသည်။ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်ကျွန်းများ၏အနောက်ဖက်ခြမ်းရှိ ကမ်းဆင့်များ မြင့်တက်သွားကြသည်။ အိန္ဒိယမြေထုချပ်က ဗမာမြေထုချပ်အောက်သို့ ငုတ်ဝင်တွန်းတိုက်မှုကြောင့် တွန်းတိုက်မှုဖြစ်ရာ ပြတ်ရွေ့ပြင်တစ်လျောက် ငလျင်ဖြစ်ကာ အပေါ်ဖက်က မြေထုချပ်မြင့်တက်သွားခြင်းဖြစ်သည်။ ၂၀၀၄ ကဖြစ်သော ဆူမတြားငလျင် ဖြစ်ရပ်မျိုးဖြစ်သည်။ ဤအရပ်မျိုးသည် ငလျင်တစ်ကြိမ်ဖြစ်တိုင်း ကမ်းပါးဆင့် တစ်ကြိမ်မြင့်တက်သည်ဟု သဘောတူကြသည်။ ထိုသို့မမြင့်တက်မီ ပင်လယ်ကမ်းစပ်၌ သန္တာကောင် corals များ ပေါက်ပွါးရှင်သန် ကြသည်။
                ငလျင်ကြောင့် ကမ်းဆင့် မြင့်တက်သွားသဖြင့် ရေမရတော့သည့်အခါ ထိုသန္တာကောင်များ သေဆုံးသွားကြ ကာ ကျောက်ဖြစ်ရုပ်ကျွင်းအဖြစ်ကျန်ရှိတတ်ကြသည်။ ထို ကျောက်ဖြစ်ရုပ်ကြွင်းများအား နမူနာကောက်ယူ ခြင်း၊ ကမ်းဆင့်များအားတိုင်းတာမှတ်တမ်းတင်ခြင်း စသည့် သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး ငလျင် ကြီးများ၏ ကာလခြားကို ခန့်မှန်းကြသည်။ ကမ်းပြုဆင့်များလေ့လာတိုင်းတာမှုနှင့် သန္တာကောင်ရုပ်ကြွင်း တို့ ဆက်စပ်မှုကို စေ့စေ့စပ်စပ် ဆောင်ရွက်နိုင်ပါလျှင် ငလျင်ကြီးများတစ်ခုနှင့် တစ်ခု ဖြစ်တတ်သော ကာလအပိုင်းအခြားကို အတော်နီးနီးစပ်စပ်ခန့်မှန်းနိုင်သည်ကို သိရသည်။ ပုံ (၂) သည် ၂၀၀၅-၀၆ က သန်းတင်အောင်နှင့် အဖွဲ့၏ သုတေသနကို ဖေါ်ပြထားခြင်းဖြစ်သည်။

ပုံ (၂) ဖရုံကာကျွန်းကမ်းဆင့်များနှင့် ကျောက်ဖြစ်ရုပ်ကျွင်း သက်တမ်း

သန်းတင်အောင်၏တွေ့ရှိချက်အရ စစ်တွေနှင့် ဖရုံကာကျွန်းတန်းများတွင် ကမ်းပြုဆင့် ၆ ခု တွေ့ရပြီး ကမ်းပြုဆင့် WP1 သည် ၁၇၆၂ ငလျင်နှင့် ဆက်စပ်ကြောင်း တင်ပြထားသည်။ ၂၀၀၆-၀၇ တွင် ရှိရှိကုရ နှင့်အဖွဲ့က ကျောက်ဖြူ၊ မာန်အောင်နှင့် ရမ်းဗြဲကျွန်းများကို ဆက်လက်လေ့လာ၍ ငလျင်ဖြစ်ရပ်များနှင့် ကာလကွာခြားချက်များကို တင်ပြခဲ့သည်။ ပုံ (၃)တွင် တင်ပြထားသည်။ အနည်းဆုံး ငလျင်ကြီး ၃ ခု ကို အတည်ပြုနိုင်ခဲ့ပြီး တစ်ခုနှင့် တစ်ခု ပျှမ်းမျှ နှစ် ၉၀၀ ကွာသည်ဟုတင်ပြထားသည်။ သို့သော် ကြားကာလ များအတွက် အထောက်အထားမရရှိသေးပေ။ ဤကဲ့သို့သုတေသနများသည် အလွန်အသုံးဝင်သည်။ ဆက်လက်ဆောင်ရွက်ရန်လိုပေသည်။
အလားတူ မြန်မာနိုင်အလယ်ပိုင်းရှိ စစ်ကိုင်းပြတ်ရွေ့၌လည်း သုတေသနများဆောင်ရွက်ခဲ့ကြသည်။ ပဲခူး မြို့မြောက်ဖက် ဘုရားကြီးမြို့ဟောင်းအနီး စစ်ကိုင်းပြတ်ရွေ့၌ မြေကျင်းတူးဖေါ်၍ မြေ၊ သဲနှင့် သစ်ဆွေးနမူနာများ ကောက်ယူပြီး သက်တမ်းခန့်မှန်းချက်များ ဆောင်ရွက်ခဲ့ကြသည်။ ၀မ်ယုနှင့်အဖွဲ့ သုတေသနကို ပုံ (၄)တွင် တင်ပြထားသည်။ ၁၉၃၀ ပဲခူးငလျင်ကြီးကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤအရပ် တွင် ငလျင်ဖြစ်ရပ်ပေါင်းများစွာ ဖြစ်ခဲ့ဘူးသည့်အတွက် ဤသုတေသနလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရပေမည်။

ပုံ (၃) မာန်အောင်ကျွန်းတိုင်းတာချက်

ပုံ (၄) ဘုရားကြီးအနီး စစ်ကိုင်းပြတ်ရွေ့၌ တူးဖေါ်တွေ့ရှိချက်။

Ref:တင့်လွင်ဆွေ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ