this site the web

1231..လင်ငယ် နှင့် ပေါင်းပြီး လင်ကြီးကို သတ်လိုက်မှု ( 29.9.10 )

 
Hosted by FreeImageHosting.net Free Image Hosting Service

            တောရွာ၌ ချမ်းသာ ကြွယ်ဝသည့် အသက် ၆၀ ကျော် အဖိုးကြီးတစ်ဦးက မယားကြီး ရှိသော်လည်း အသက် ၄၀ ကျော် အမျိုးသမီးကို ငွေကျပ် ငါးသိန်း တင်တောင်းပြီး လက်ထက် ပေါင်းသင်းခဲ့သော်လည်း ကာမ တဏှာကြီးမားသော ဖေါက်ပြန်သည့် ဇနီးမယား အငယ်လေးက လင်ငယ်နှင့် ဖေါက်ပြန်နေပြီး အဖိုးကြီးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုတစ်ခု မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ပေါ်တွင် ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။
 
           ၂၁.၅.၂၀၁၀ နေ့ ညနေ ၆ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက် ကျေးရွာအုပ်စု ဆင်လမ်းသို့ သွားသည့် လမ်းနဘေး ၆၅ ပေ အကွာ သစ်တော မြေအတွင်း ပုတ်နေသော အလောင်း တစ်လောင်း တွေ့ရကြောင်း ပြင်ဦးလွင် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးသောအခါ အသက် ၆၀ ခန့်ရှိ အမျိုးသား အလောင်းတစ်လောင်း ဖြစ်နေကြောင်း စစ်ဆေးတွေရှိခဲ့ရပြီးနောက် သက်သေခံ ပစ္စည်းများ သိမ်းဆည်းခဲ့ပြီးနောက် သေမှု သေခင်းအမှတ် ၄/ ၂၀၁၀ ဖြင့် ပြင်စာရဲစခန်း ရဲအုပ် ထိန်ဝင်းမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
            သေဆုံးသူ မည်သူ မည်ဝါဖြစ်သည်ကို သိနိုင်ရန်အတွက် သေသူ၏ ဓါတ်ပုံနှင့်အတူ မြို့နယ် ရဲစခန်းများသို့ အကြောင်းကြားစာများ ပေးပို့ခဲ့ရာ သေဆုံးသူသည် ပြင်ဦးလွင်မြို့နယ်၊ ပန်းဦးတောင်းအုပ်စု၊ အုပ်ဖိုကျေးရွာနေ ဦးအုန်းမောင် ဖြစ်ကြောင်း သိခဲ့ရသည်။ ဆေးစစ်ချက်များအရ နဖူးရိုးနှင့် မျက်ခုံးရိုးတို့ ချိုင့်ဝင်ကျိုးပဲ့ခြင်းကြောင့် ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ကာ သေးဆုံးခြင်းဖြစ်ပြီး နံရိုးတို့လည်း ကျိုးနေကြောင်း သိရှိရသဖြင့် သေမှု သေခင်းအဖြစ်မှ  (ပ) ၇၁/၂၀၁၀ ပြစ်မှုပုဒ်မ အမှတ် ၃၀၂ သို့ ပြောင်းလဲ စစ်ဆေးခဲ့သည်။
 
            အမှုစစ်မှ သေဆုံးသူ နှင့် ပတ်သက်သည်များကို စုံစမ်းခဲ့ရာ အုတ်ဖိုရွာနေ မ.... နှင့် အိမ်ထောင်ကျပြီးနောက် ၂၀၁၀ ခုနှစ် ၃ လပိုင်းကတည်းက အတူမနေတော့ဘဲ မြေ၀ှားပန်းများ စိုက်ပျိုးနေသည့် သားဖြစ်သူတို့နှင့်အတူ နေထိုင်ပြီး ၂၂.၄.၂၀၁၀ နေ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီးရုံး ၇ ဘူတာ ကျူးကျော်ရပ်နေ မခင်မာလာ (ခ) မမာလာ နှင့် ရပ်ကွက်အေးချမ်းသာယာရေး ကောင်စီ ရုံးတွင် နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြကြောင်း သိရသဖြင့် အမှုစစ်အရာရှိ နှင့် သက်သေတို့က သေဆုံးမှု ကို ဇနီးဖြစ်သူ မခင်မာလာ (ခ) မမာလာ အားသွားရောက် အကြောင်းကြားခဲ့ရာ ခင်ပွန်းဖြစ်သူ သေဆုံးကြောင်း သိရသော်လည်း တုန်လှုပ်မှု မဖြစ် အေးစက်စက် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟူ၏။
 
 
           သို့ဖြစ်၍ မခင်မာလာ အားစစ်ဆေးခဲ့ရာ ၉.၅.၂၀၁၀ နေ့ ညနေ ၅ နာရီ အချိန်က ခင်ပွန်းသည်သည် လစဉ်အတိုး ကျပ် တစ်သောင်း ရမည့် နမ့်တပ်ရွာသို့ အကြွေးတောင်း ဆိုင်ကယ်ဖြင့် လွှတ်လိုက်ကြောင်း ဆိုင်ကယ် ဦးထုပ် ဆောင်းမသွားဘဲ လျှာထိုး ဦးထုပ်ဖြင့်ပင် သွားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ စခန်းမှူး ရဲအုပ်ထိန်ဝင်းက နမ့်တပ် ရွာနေ ဒေါ်...... အား သွားရောက် စစ်ဆေးခဲ့ရာ ဦးအုန်းမောင် အကြွေးလာတောင်းစဉ် ၄င်းမှာ ခရီးသွားနေသဖြင့် သမီးဖြစ်သူနှင့်သာ တွေ့ရှိခဲ့ရသည်ဟု ဆိုသဖြင့် သမီးဖြစ်သူအား ဆက်လက်မေးမြန်းရာ ဦးအုန်းမောင် ရောက်ရှိလာခဲ့ကြောင်း ဆိုင်ကယ်ဦးထုတ်ဆောင်းထား လျက်နှင့်ပင် ထိုင်၍ စကားပြောဆိုပြီး ပြန်သွားကြောင်း သိရှိခဲ့ရသည်။
 
             ဦးအုန်းမောင်၏ ဇနီးဖြစ်သူ ထွက်ဆိုချက်တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသွားဘဲ ထွက်သွားသည်ဟု ဆိုထားသော်လည်း သက်သေမှ ဆိုင်ကယ်ဦးထုတ် ဆောင်းထားလျက်နှင့်ပင် စကားပြောသည်ဟု ဆိုထားသဖြင့် ထွက်ဆိုချက်များ ကွဲလွဲနေသဖြင့် အနီးဝန်းကျင်ကို ထပ်မံ စုံစမ်းခဲ့ရာ ဦးအုန်းမောင်သည် အနီးအဝေးသို့ ဆိုင်ကယ်နှင့် သွားသည့်အခါ ဆိုင်ကယ်စီး ဦးထုပ်အား မချွတ်တမ်း ဆောင်းထားလေ့ ရှိသူဖြစ်သည်ဟု ထပ်မံသိရသဖြင့် စခန်းမှူးက မခင်မာလာ အပေါ် သံသယ ၀င်လာခဲ့ပြီး မခင်မာလာ၏ နေအိမ်ထရံတွင် ချိတ်ထားသည့် နီညိုရောင် ဆိုင်ကယ်စီး ဦးထုတ်အား သိမ်းဆီး လိုက်သည်။ အလောင်း တွေ့ရှိရသည့် နေရာမှာ နမ့်တပ်၇ွာအနီး ဖြစ်နေသဖြင့် ထိုရွာတွင် သေဆုံးသူ၏ ဆွေမျိုးများ နေထိုင်ရာ အရပ်ဖြစ်နေသဖြင့် ဆိုင်ကယ်လုရန် လူသတ်ခဲ့သည်ဆိုသော ထင်မြင်ချက်မှာ လက်ခံနိုင်ဖွယ် မရှိသည့်အပြင် နမ့်တပ် ရွာတွင် အကြွေးတောင်းပြီး ပြန်လာသည့် အချိန်မှာ အလင်းအား ကောင်းသည့် အချိန်ဖြစ်နိုင်သဖြင့် အခြားနေရာတွင် သေဆုံးပြီးမှ ထိုနေရာသို့ လာရောက် ပစ်ထားဖွယ် ရှိသည်ဟု သုံးသပ်လိုက်သည်။
 
http://www.freeimagehosting.net/uploads/6d08bda2dc.jpg

                   သေဆုံးသူ၏ ဇနီး မခင်မာလာ၏ နောက်ကြောင်းအား ဆက်လက် စုံစမ်းရာ ဦးအုန်းမောင်မှာ ၄ ဆက်မြောက် လင်ဖြစ်ကြောင်း ယခင် ပေါင်းသင်းနေခဲ့သည့် ညိုဝင်းနှင့် ပတ်သက်မှု ရှိနေကြောင်း အခင်းဖြစ်ပြီး နောက်ပိုင်းတွင် ညိုဝင်းကို မတွေ့ရတော့ကြောင်း စုံစမ်းသိခဲ့ရပြန်သည်။ ပတ်ဝန်းကျင်နေ သက်သေများကို စုံစမ်းခဲ့ရာ ထိုနေ့က ဦးအုန်းမောင် ဆိုင်ကယ်ဖြင့် ထွက်သွားသည်ကို မြင်တွေ့ခဲ့သူများ ရှိပြီး ည ၉ နာရီအချိန်ခန့်တွင် အဖိုးကြီး ပြန်ရောက်လာပြီး လင်မယား စကားများခဲ့ကြကြောင်း၊ စကားများပြီးနောက် အဖိုးကြီးကို မတွေ့ရတော့ကြောင်း ထွက်ဆိုခဲ့ကြသည်။ အမှုစစ်မှ မခင်မာလာ ကို ထပ်မံစစ်ဆေးခဲ့ရာ ပထမတွင် ငြင်းဆိုနေသော်လည်း နောက်ပိုင်းတွင် ၀န်ခံထွက်ဆိုခဲ့သည် ဟူ၏။
 
            မခင်မာလာ၏ ထွက်ဆိုချက်အရ ၉.၅.၂၀၁၀ နေ့က ၅ နာ၇ီခန့် အချိန်တွင် ဦးအုန်းမောင်က နမ့်တပ် ကျေးရွာသို့ အကြွေးသွားတောင်းခိုင်းရာ ဦးအုန်းမောင်က ဆိုင်ကယ် ဦးထုတ်ဆောင်းကာ ထွက်သွားခဲ့ကြောင်း ဦးအုန်းမောင် ထွက်သွားသည့်အခါ ၄င်းနှင့် တရားမ၀င် ပေါင်းသင်းနေသည့် ညိုဝင်း (ခ) ညိုမောင် ရောက်လာပြီး ၄င်းနှင့် နေအိမ် အိပ်ခန်းအတွင်း အတူရှိနေစဉ် ည ၉ နာရီခန့်တွင်ဦးအုန်းမောင် ဆိုင်ကယ် မောင်းဝင်လာသံ ကြားခဲ့ရသဖြင့် ညိုဝင်းအား မီးဖိုခန်းအတွင်း ချောင်ထဲတွင် ပုန်းခိုနေစေခဲ့သည် ဟူ၏။
 
             ထို့နောက် နေအိမ် သေတ္တာအတွင်းမှ ခေါက်ပြီးအထည်များ ကပျာကယာ ချထားလျက် မီးပူတိုက်နေသည့် ပုံစံဖန်တီးကာ ဦးအုန်းမောင်အား တံခါးဖွင့်ပေးလိုက်ကြောင်း ဦးအုန်းမောင်က "နင်ဘာလုပ်နေတာလဲ ငါခေါ်နေတာ ကြာပြီ" ဟု ဆိုခဲ့ရာ မီးပူတိုက်နေခြင်း ဖြစ်ကြောင်း ပြောပြီး ဦးအုန်းမောင်က ပင်ပန်းသဖြင့် ဧည့်ခန်းရှိ ခုံတွင်ကျောမှီလျက် ထိုင်နေပြီး "ငါ..ထမင်းစားမယ်" ဟုပြောဆိုခဲ့ကြောင်း "တော်သွားချင်ရာ သွားပြီး အခုမှ လာစားမနေနဲ့၊ တော့်သားတွေဆီမှာ စားမယ် ထင်ပြီးတော့ တော်စားမယ့် ထမင်းတွေကို ခွေးကျွေးပလိုက်ပြီ" ဟုပြန်ပြောခဲ့ရာ ဦးအုန်းမောင်က "အေးပါ မာလာရယ်... ထန်းလျက်ခဲ ရရ၊ သကြားလေးဘဲရရ ဖြစ်ပါတယ်" ဟုဆိုခဲ့ရာ ၄င်းကလည်း မီးဖိုဖက်သို့ သွားပြီး ထမင်းခူးနေရာ ပုန်းနေသူ ညိုဝင်းအား အပြင်မထွက်နဲ့ဦး ဟုတီးတိုး မှာကြားခဲ့သည် ဟူ၏။

            ဦးအုန်းမောင်က ထမင်းစားပြီး ရေနွေးကြမ်းသောက်နေစဉ် "ပိုက်ဆံ အကြွေးသွားတောင်းတာ ရခဲ့လား။ " ဟု မေးမြန်းခဲ့ရာ  "မရခဲ့ဘူး။ မတွေ့လို့ " ဟု ပြန်ဖြေသဖြင့် "တော် ကလိန်ကကျစ် မလုပ်နဲ့  မယုံဘူး။ ကျန်မနဲ့ လက်ထပ်တုန်းကလည်း ငါးသိန်းနဲ့ တင်တောင်းမယ် ပြောပြီး ၃ သိန်းဘဲ ပေးတယ်။" ဟုပြောလိုက်ရာမှ တဆင့် လင်မယားချင်း စကားများစဉ် မီးဖိုးအတွင်း ပုန်းနေသော ညိုဝင်းက ရေချိုးခန်းအတွင်းရှိ အ၀တ်လျော်ရာတွင် အသုံးပြုသည့် သစ်သား တုတ်ကို ဆွဲယူလာပြီး  ငုတ်တုတ် ထိုင်နေသည့် ဦးအုန်းမောင်၏ မျက်နှာကို အားကုန် ရိုက်ထည့်လိုက်သဖြင့် ဦးအုန်းမောင်မှာ နောက်ပြန်လန်ကျသွားကြောင်း လဲကျသွားစသ် နောက်ထပ် တစ်ချက် ထပ်ရိုက်ခဲ့သဖြင့်ရင်ဘတ်သို့ ထိမှန်သွားပြီး နဖူးကွဲ ဒဏ်ရာကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ညိုဝင်း ၀တ်ဆင်ထားသော အ၀တ်အစားများကို သွေးများပေကျံနေသဖြင့် ခင်မာလာ အားလျှော်ခိုင်းခဲ့ရာ "မလျှော်ဘူး" ဟုပြောသဖြင့် ညိုဝင်းက "မလျော်လို့မဖြစ်ဘူး။ ရဲတွေ တွေ့သွားရင် အကုန် ဒုက္ခရောက်ကုန်မှာပေါ့။ ဒီကိစ္စ နင်လည်း ပါတယ်၊ ငါသတ်တာလို့ ပြောရင် နင့်ကို ငါသတ်မယ်" ဟု ပြောကြောင်း၊ ၄င်းက သွေးစွန်းနေသော အ၀တ်များကို လျော်နေစဉ် ညိုဝင်းသည် အိမ်အပြင်သို့ ထွက်သွားပြီး  သူငယ်ချင်းဖြစ်သူ ဘိုကျင်း ထမင်းစားပြီး ပန်းကန်ဆေးနေသည်ကို မြင်သဖြင့် ငါတော့ လက်လွန်သွားပြီ ဟု အကြောင်းစုံ ခေါ်ယူရှင်းပြခဲ့ကြောင်း၊ ညိုဝင်းက ဘိုကျင်းနှင့် တိုင်ပင်ပြီး အလောင်းအား ၄င်းမှ ခြေထောက်၊ ညိုဝင်းမှ ခါးဘက်မှ မလျက် ဆိုင်ကယ်ပေါ်သို့ခွတင်ပြီး ၄င်းက ဦးအုန်းမောင် သုံးနေကျ ပစ္စည်းတို့နှင့်အတူ လူသတ်လက်နက်ကိုပါ ပေးလိုက်သည် ဟူ၏။
 
            လူအိပ်ချိန်၊ လျပ်စစ်မီးများ ပိတ်ချိန် ည ၁၁ နာ၇ီခန့်တွင်  ညိုဝင်းက အလောင်းကို လျှာထိုးဦးထုတ် အနက် ငိုက်စိုက်စောင်းပေးပြီး အပြင်မှ မြင်သူတို့ လူနာသယ်လာဟန် သရုပ်ဆောင်ပေးပြီး သယ်ယူခဲ့ခြင်း ဖြစ်ကြောင်းပြီး သေဆုံးသူအား တွေ့ရှိရသည့် နေရာတွင် ပစ်ထားခဲ့သော်လည်း ဆိုင်ကယ်စီး ဦးထုတ်မှာ အသစ်အတိုင်း ရှိနေသဖြင့် နှမျှောပြီး ပြန်ယူလာခဲ့ပြီး နေအိမ်သို့ ဆိုင်ကယ်ကို ယူလာခဲ့ပြီး နေအိမ်နားအရောက် ဆိုင်ကယ်ကို တွန်းလာခဲ့သည် ဟူ၏။ နောက်တစ်နေ့ နံနက်တွင် ညိုဝင်းက ဆိုင်ကယ်ကို ပြင်ဦးလွင်မြို့ပေါ် ပွဲစားတန်းတွင် ဆိုင်ကယ်ကို ရောင်းချခဲ့ရာ ၀ယ်ယူသူကို မသိကြောင်း ထွက်ဆိုခဲ့သည် ဟူ၏။
 
               ထို့နောက် အမှုစစ် စခန်းမှုးက ညိုဝင်း နှင့် အတူ ဘိုဝင်း တို့အား ဆက်လက် ဖမ်းဆီးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ မခင်မာလာ က ၂၉.၆.၂၀၁၀ နေ့တွင်ပြစ်မှု ကျူးလွန်ပုံ အဆင့်ဆင့်အား လိုက်လံ ပြသပေးခဲ့ပြီး မြို့နယ် တရားရုံးတွင် ဆက်လက် ဖြောင့်ချက် ပေးခဲ့သည် ဟူ၏။ ၅.၇.၂၀၁၀ နေ့တွင် ညိုဝင်း နှင့် ဘိုကျင်း တို့မှာလည်း ၄င်းတို့ ဆန္ဒအလျောက် ဖြောင့်ချက်ပေးခဲ့သဖြင့် တရားခံများကို ပြင်ဦးလွင် ခရိုင် တရားရုံးသို့  တရားစွဲ တင်ပို့ထားကြောင်း မှုခင်းသတင်း ဂျာနယ်အရ  သိရသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ