this site the web

927..Website ရေးတော့မယ်ဆိုလျှင် (၁) .. { 10.8.10 }

 

Website တွေကို အစကနေ အဆုံးအထိ တည်ဆောက်ရတော့မယ် ဆိုရင် တစ်ဆင့်ခြင်း လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်အနေနဲ့ အခုမှ Web Designer တစ်ယောက် အနေနဲ့ စပြီးလုပ်မှာ ဆိုရင် တစ်ဆင့်ခြင်း လုပ်ရမယ့် လုပ်ငန်းတွေ ပိုပြီး သိဖို့ နားလည်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ ကောင်းမွန် ပြည့်စုံတဲ့ Guidelines တွေဆိုတာ ကိုယ်လုပ်မယ့် Website ရေးဆွဲခြင်း လုပ်ငန်းကို အထောက်အပံ့ ပေးနိုင်တဲ့ အပြင် အသေးအဖွဲ ကိစ္စလေးတွေကအစ မကျန်ခဲ့အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ဘယ် ဒီဇိုင်နာမဆို ဘယ် ကုမ္ပဏီမဆို သူတို့ရဲ့ Web Design Process တွေကို လုပ်ဆောင်တဲ့ အခါမှာ သီးသန့် အစိတ်အပိုင်းတွေ တည်ဆောက်ဖို့ လိုတယ် ဆိုပေမယ့် အားလုံးတူညီတာတဲ့ အချက်ကတော့ လုပ်ရမယ့် အဆင့်တွေ ပါပဲ။ အဲဒီ အဆင့်တွေကတော့

  1. လေ့လာခြင်း (Learn)၊
  2. စီမံကိန်းချခြင်း (Plan)၊
  3. ဒီဇိုင်းချခြင်း (Design)၊
  4. Coding ရေးခြင်း (Code)၊
  5. အင်တာနက်ပေါ် လွင့်တင်ခြင်း (Lanch) နဲ့
  6. ထိန်းသိမ်းခြင်း (Maintain)

ဆိုတာတွေပဲ ဖြစ်ပါတယ်။

အဲဒီအဆင့်တွေကို မလေ့လာခင် Design Process (ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်း) တစ်လျှောက်လုံး ပြိုင်ပြီး လုပ်ရမယ့် အလုပ်နှစ်ခု ရှိပါသေးတယ်။

Feedback

ပထမတစ်ခုကတော့ Feedback ပါ။ ကိုယ်ရေးဆွဲနေတဲ့ ဒီဖိုင်းအဆင့်ဆင့်ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲတိုင်ပင်နေဖို့ လိုပါတယ်။ အဆင့်တစ်ခုပြီး တိုင်း ဒါမှမဟုတ် အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်တိုင်း တိုင်ပင်နိုင်ပါတယ်။ ကိုယ်က Freelance တစ်ယောက် ဖြစ်နေတယ် ဆိုရင်လည်း ကိုယ့်ရဲ့ ဒီဇိုင်းကို Feedback တွေ ကောင်းကောင်း ပေးနိုင်တဲ့ ဆိုက်တွေမှာ သွားတင်ပြီး အကြံပြုချက်တွေ ဆွေးနွေးချက်တွေ ရယူနိုင်ပါတယ်။ အဲဒီလို ဆိုက်မျိုးတွေ နိုင်ငံတကာမှာ ရှိပါတယ်။ ဥပမာ ပြောရရင် Concept Feedback, FiveSecondTest, Creattica စတဲ့ ဆိုက်တွေ ဖြစ်ပါတယ်။ မြန်မာတွေ အနေနဲ့လည်း အဲဒီလို ဆိုက်မျိုးတွေ ရှိရင်ကောင်းမယ် ထင်ပါတယ်။ အဲဒီလို Feedback တွေကို ယူနေခြင်း အားဖြင့် ကိုယ့်အနေနဲ့ အချိန်ကုန် လူပန်းဖြစ်ရမယ့် ကိစ္စတွေ ရှောင်ရှားနိုင်ပါလိမ့်မယ်။

Testing

ဒုတိယတစ်ခုကတော့ Testing (စစ်ဆေးခြင်း) ပါ။ အမြဲတမ်း စစ်နေဖို့ လိုပါတယ်။ နည်းလမ်းပေါင်းစုံ သုံးပြီး ဘယ်အဆင့်ကို ရောက်ရောက် စစ်ဆေးနေသင့်ပါတယ်။ အဲဒီလို စစ်ဆေးခြင်းအားဖြင့် နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် ခေါင်းခဲစရာတွေကို ရှောင်ရှား နိုင်ပါလိမ့်မယ်။

အပေါ်မှာ ပြောသွားတဲ့ အချက်နှစ်ချက်ကတော့ အဆင့်တိုင်းမှာ အဆက်မပြတ် လုပ်သွားရမယ့် အပိုင်းတွေ ဖြစ်ပါတယ်။ ခုမှ စပြီး အဆင့် (၆) ဆင့်ကို လေ့လာကြည့်ပါမယ်။

(၁) လေ့လာခြင်း

Website တစ်ခုကို တည်ဆောက်တော့မယ် ဆိုရင် အရေးအကြီးဆုံးအဆင့်က ဘာလဲ။ စီမံကိန်းချတာလား။ ဒီဇိုင်းဆွဲတာလား။ ဒါမှမဟုတ် Coding လား။

သေသေချာချာ စဉ်းစားကြည့်ပါ။

တကယ်တန်းတော့ အရေးအကြီးဆုံးအချက်က အဲဒီအပေါ်က အချက်တွေ မဟုတ်ပါဘူး။ လေ့လာခြင်း ဆိုတဲ့ အဆင့်က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ Website မှာ ဘာတွေလိုမယ်၊ ဘာတွေကို တည်ဆောက်ရမယ်၊ ဘာတွေသုံးမယ် စသည်ဖြင့် အသေးစိတ် လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီလို လေ့လာတဲ့ အပိုင်းက Website Design Process တစ်ခုလုံးမှာ အရေးအကြီးဆုံး အပိုင်းလည်း ဖြစ်ပါတယ်။

Learning

အဲဒီအပိုင်းက ရုတ်တရက်ကြည့်ရင် လွယ်တယ်လို့  ထင်ရပေမယ့် အသေးစိတ် ကျကျအထိ သိနိုင်ဖို့ကတော့ အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ အများကြီး လိုပါတယ်။ Requirement Analysis ဆိုတဲ့ အပိုင်းလည်း ဖြစ်နေတာကြောင့် အတွေ့အကြုံများလေ၊ ကျွမ်းကျင်မှု များလေ ပိုပြီး ပြည့်စုံလေ ဖြစ်ပါတယ်။ အဲဒီလို ပြည့်စုံသထက် ပြည့်စုံအောင် လုပ်နိုင်လေ တကယ့် အောင်မြင် ပြည့်စုံတဲ့ Website တစ်ခုကို တည်ဆောက် နိုင်လေ ဖြစ်ပါတယ်။

ဥပမာတစ်ခု ပြောရမယ်ဆိုရင် မျှားပစ်သမားက စက်ဝန်းကို မျှားနဲ့ ပစ်သလိုပေါ့။ ကိုယ်ထိအောင် ပစ်ရမယ့် အပိုင်းက စက်ဝန်း အလည်တည့်တည့်မှာ ရှိတဲ့ အစက်ကို ပစ်ရမှာ ဖြစ်ပါတယ်။ စက်ဝန်းပိုပြီး သေးလေ၊ ပစ်ရပိုခက်လေ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံး အလည်က အစက်ကို ထိဖို့ဆိုရင် ပိုပြီး ခက်သွားပါလိမ့်မယ်။ အဲဒီလိုပါပဲ၊ ကိုယ့်အနေနဲ့ အသေးစိတ် လေ့လာနိုင်လေ ကိုယ်ပစ်ရမယ့် ပစ်မှတ်ကို ပိုပြီး နားလည်နိုင်လေ၊ အသေးစိတ် ဗဟိုချက်ကို ရွေးချယ်နိုင်လေ ဖြစ်လာပါလိမ့်မယ်။

Website Designer အနေနဲ့ အဓိကကျတဲ့ ပစ်မှတ် အလည်ဗဟိုကတော့ ကိုယ့် Clients က ဘာလိုချင်တာလဲ ဆိုတာကို တိတိကျကျ ပေးနိုင်တာပါပဲ။ သူတို့က ကိုယ့်ကို ဘာအတွက် ပိုက်ဆံပေးပြီး အပ်ကြတာလဲပေါ့။ အဲဒီအပေါ်မှာ တိတိကျကျ သိအောင် လေ့လာနိုင်လေ ပစ်မှတ် စက်ဝန်းကို တိတိကျကျထိအောင် ပစ်နိုင်လေ ဆိုပါတော့။

Client

ဒါပေမယ့် Clients တွေရဲ့ လိုအပ်ချက်တွေက တစ်ခုနဲ့ တစ်ခု ဘယ်လိုမှ မတူနိုင်ပါဘူး။ ကိုယ့်ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး လေ့လာ သုံးသပ်နိုင်စွမ်းလည်း ကွာသွားမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ Clients တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းသဘောကို နားမလည်နိုင်တာလည်း ရှိနိုင်ပါသေးတယ်။ အဲဒီလို အခြေအနေမှာ ကိုယ်ပြောတဲ့ CSS, PHP, Database စတာတွေကို သိမှာမဟုတ်ပါဘူး။ သူတို့လိုချင်တာတွေက Web Design မှာ မဖြစ်နိုင်တာတွေလည်း ပါလာနိုင်ပါတယ်။ ဒီလို အခြေအနေဆိုရင်တော့ Clients ကို နားလည် သဘောပေါက်အောင် ပြောတတ်ဖို့ ညှိနှိုင်းတတ်ဖို့ လိုလာပါပြီ။

မေးခွန်းတိုများ

ကံကောင်း ထောက်မစွာပဲ Web Designer တွေအတွက် အချက်အလက်တွေ စုဆောင်းတဲ့ နေရာမှာ အသုံးပြုလို့ရနိုင်မယ့် နည်းလမ်းက ရှိနေပါတယ်။ အဲဒီ နည်းလမ်းကတော့ မေးခွန်းတိုတွေ မေးတာပါပဲ။ အဲဒီလို မေးခွန်းတိုတွေကို အင်္ဂလိပ်လို Creative Brief လို့ ခေါ်ပါတယ်။ Creative Brief ဆိုတာ Client တွေရဲ့ လိုအပ်ချက်တွေကို သိနိုင်ဖို့ မေးခွန်းတိုလေးတွေ စီထားတာပါပဲ။ အဲဒီလို မေးခွန်းတိုလေးတွေ စီစဉ်ရမှာလည်း လိုက်နာရမယ့် စည်းကမ်းလေးတွေ ရှိပါတယ်။ (အဲဒီအကြောင်းကို အသေးစိတ် ဆက်ရေးဖို့ ရှိပါတယ်)

Creative Brief

အဲဒီလို မေးခွန်းတိုတွေကို Client နဲ့ လူချင်းတွေ့တဲ့အခါမှာ ဖြစ်ဖြစ်၊ တယ်လီဖုန်းနဲ့ပဲ ဖြစ်ဖြစ် မေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ကိုယ့် Website မှာ Client အတွက် အလွယ်တကူ ဖြေဆိုနိုင်မယ့် Web Form တစ်ခုကို တည်ဆောက်ပေးထားရင်လည်း ဖြစ်နိုင်ပါတယ်။

အဲဒီလို မေးခွန်းတွေ မေးတာပဲ ဖြစ်ဖြစ် အချက်အလက်တွေ စုဆောင်းတာပဲ ဖြစ်ဖြစ် Client တွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာ အမြဲတမ်း အဆင်ပြေပြေ ဖြစ်နေဖို့တော့ သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် မေးခွန်းတိုတွေ မေးတဲ့အဆင့်ကို ဘယ်တော့မှ မကျော်သွားဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီ မေးခွန်းတိုတွေနဲ့ အဖြေတွေဟာ ကိုယ့် Project မှာ တကယ့်  အရေးပါတဲ့ အစိတ်အပိုင်းတွေ အဖြစ် ကူညီကြမယ်ဆိုတာ သိထားဖို့ လိုပါတယ်။ အဲဒီ Creative Brief မှာ အနည်းဆုံး ဒါတွေ ပါဖို့ လိုပါတယ်။

  • Client အနေနဲ့ အဓိကထားရမယ့် ပရိတ်သတ် (Target Audience) က ဘာလဲ
  • သူတို့ Website တည်ထောင်ရခြင်းရဲ့ ပထမဦးစားပေး နဲ့ ဒုတိယဦးစားပေး ရည်ရွယ်ချက်က ဘာလဲ
  • အခု သူတို့ ဖြန့်နေတဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတွေရဲ့ သွင်ပြင် လက္ခဏာတွေက ဘာလဲ
  • ငွေကြေးတတ်နိုင်မှု အနေအထား
  • အချိန်အကန့်အသတ်က ဘယ်လိုလဲ စတာတွေ ပါဖို့ လိုပါတယ်။

နောက်ထပ် အကူအညီရနိုင်တဲ့ မေးခွန်းကတော့ Client တွေအနေနဲ့ ဘယ် Website တွေကို ကြိုက်တယ်၊ ဘယ် Website တွေကို မကြိုက်ဘူး ဆိုတာ မေးနိုင်ပါတယ်။ သူတို့ ကြိုက်တယ်ဆိုတဲ့ Website တွေကို ကြည့်ပြီး ကိုယ်ဘယ်လိုရေးရမယ် ဆိုတဲ့ အိုင်ဒီယာတွေ ရလာနိုင်ပါတယ်။

နောက်ထပ်မေးသင့်တဲ့ မေးခွန်းတစ်ခုကတော့ Website ကို ရေရှည်ထိန်းသိမ်းသွားနိုင်ဖို့ ဘယ်လို ရည်ရွယ်ထားလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ သူတို့အနေနဲ့ အဲဒီအတွက် သူတို့ကိုယ်ပိုင် အစီအစဉ်တွေ မရှိရင် ကိုယ်က ဝန်ဆောင်မှု ပေးနိုင်ပါသေးတယ်။ အဲဒီအတွက်လည်း အစကတည်းက သေသေချာချာ မေးထားသင့်ပါတယ်။

မေးခွန်းတွေဆိုတာ တစ်ခါမေးပြီးရုံနဲ့ မပြီးပါဘူး။ ကိုယ်လုပ်နေတဲ့ Project မပြီးမချင်း မေးနေရဦးမှာ ဖြစ်ပါတယ်။ အဲဒီလို အချိန်းအတိုင်းအတာ တစ်ခု သတ်မှတ်ပြီး နောက်ထပ် မေးခွန်းစဉ်တွေ မေးရဦးမှာပါ။ အဲဒီလို မေးခွန်းစဉ်တွေကိုလည်း ရှေ့နောက်ညီညွှတ်အောင် မေးတတ်ဖို့ လိုပါသေးတယ်။ ရှေ့မေးခွန်းစဉ်က Scope ကို ကျော်ပြီး နောက်မေးခွန်းမှာ ထပ်မေးရင် နောက်ထပ် Requirement တွေ ထပ်တက်လာနိုင်တဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ့်မေးခွန်းနဲ့ကိုယ် ကိုယ့်ရှုး ကိုယ့်ပတ် ဖြစ်လာနိုင်ပါတယ်။

(၂) စီမံကိန်းချခြင်း

ကိုယ့်အနေနဲ့ ဘာတွေကို တည်ဆောက်ပေးရမယ်ဆိုတာကို သိပြီဆိုရင် ဘယ်လို တည်ဆောက်ရမယ်ဆိုတဲ့ စီမံကိန်းချတဲ့ အပိုင်းကို သွားလို့ရပါပြီ။ Website တစ်ခုကို ဒီဇိုင်းမချခင်မှာ ကိုယ့်အနေနဲ့ သိဖို့လိုတာက What (ဘာတွေကို တည်ဆောက်ပေးရမှာလဲ)နဲ့ How (ဘယ်လို တည်ဆောက် ပေးမှာလဲ) ဆိုတဲ့ နှစ်ခုပါ။ အဲဒီနှစ်ခုကို သိခြင်းအားဖြင့် ရလာနိုင်တဲ့ ရလဒ်ကတော့ Design Strategy (ဒီဇိုင်းနည်းဗျူဟာ) ပါ။

Planning

Design Strategy ဆိုတာကို လွယ်လွယ် နားလည်အောင် ပြောရရင် Client က လိုအပ်တဲ့ လိုအပ်ချက်ကို ကိုယ့်အနေနဲ့ ဘယ်လို အသေးစိတ် ပုံဖော်ပေးမလဲ ဆိုတဲ့ အချက်တွေကို ချရေးတာပဲ။ တစ်ဆင့်ချင်း သွားရမယ့် နည်းလမ်းတွေကို ဖော်ထုတ်ရပါမယ်။ အဲဒီ တစ်ဆင်ြ့ခင်း စီကိုလည်း လက်တွေ့ အကောင်အထည် ဖော်လို့ နည်းလမ်းတွေကို တစ်ခါတည်း တွဲစပ်ပေးသွားဖို့ လိုပါတယ်။

ကိုယ့်အနေနဲ့ ပထမအဆင့်မှာ ကောက်ယူခဲ့တဲ့ Creative Brief (မေးခွန်းတို) တွေက ဒီနေရာမှာ အများကြီး အထောက်အကူ ပြုလာမှာ ဖြစ်ပါတယ်။ Creative Brief က ရလာတဲ့ အခြေခံ အချက်အလက်တွေ အပေါ်မှာ အခြေခံပြီး စီမံကိန်းချရာမှာ ဖြစ်ပါတယ်။ Creative Brief ထဲမှာကလည်း တကယ့် အရေးပါတဲ့ ပစ်မှတ်ထားတဲ့ ပရိတ်သတ်က ဘာလဲ၊ အချိန်ဘယ်လောက် အတွင်းပြီးအောင် လုပ်ရမှာလဲ စတာတွေ ပါနေမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုထပ်ဖြည့် ပြောလိုတာက ကိုယ့်အနေနဲ့ ပစ်မှတ်ထားတဲ့ ပရိတ်သတ်ကို သိကို သိဖို့ လိုတယ် ဆိုတာပါပဲ။ အဲဒီလို သိမှလည်း ဘယ်နေရာက Website ကို ကြည့်မယ်၊ ဘယ်လို ကြည့်မယ် စတာတွေကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – ခုချိန်မှာ ခေတ်စားနေတဲ့ မိုဘိုင်း ဗားရှင်း (မိုဘိုင်းဖုန်းတွေက ကြည့်နိုင်တဲ့ Website) လုပ်ဖို့ လိုမလား၊ ဒါမှမဟုတ် iPhone တို့ iPad တို့က ကြည့်နိုင်မယ့် Website လုပ်ပေးဖို့ လိုမလား စတာတွေကို သိနိုင်မှာ ဖြစ်ပါတယ်။

သုတေသနနှင့် မှတ်တမ်းရေးခြင်း

စီမံကိန်းချတယ်ဆိုတာ Client ဆီကရလာတဲ့ Creative Brief နဲ့ မလုံလောက်တော့ ပါဘူး။ တစ်ခြား လိုအပ်ချက်တွေလည်း ရှိလာပါတယ်။ ကိုယ်က Client ရဲ့ အလိုဆန္ဒကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ် ဆိုဦတော့ ကိုယ့် Website က ခေတ်နဲ့မညီရင် ခေတ်မမှီရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ သုတေသန အမြဲလုပ်နေဖို့ လိုပါတယ်။ လွယ်လွယ်နဲ့ နားလည်အောင် ပြောရရင်တော့ သူများတွေ ဘယ်လိုတွေ လုပ်နေကြသလဲ ဆိုတာကို လေ့လာတာပါပဲ။ နောက်ဆုံးပေါ် ဒီဇိုင်းတွေကို လေ့လာနေရပါမယ်။ အကောင်းဆုံး နည်းလမ်းတွေကို စမ်းသပ် ဖော်ထုတ်နေဖို့ လိုပါတယ်။ ကိုယ့်အနေနဲ့ အခြား ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင် နိုင်ဖို့ သူတို့ ဘာတွေလုပ်နေကြတယ် ဆိုတာကို အမြဲ မျက်ခြေမပြတ် စောင့်ကြည့် နေဖို့လိုပါတယ်။ သူတို့ အကောင်းဆုံး ဆွဲထားတဲ့ ဒီဇိုင်းတွေအပေါ်မှာ ဘယ်လို မူကွဲတွေ လုပ်နိုင်မလဲ။ ဘယ်လို အိုင်ဒီယာ အသစ်တွေ ထုတ်နိုင်မလဲ ဆိုတာ အမြဲ တီထွင် ကြံဆနေဖို့ လိုပါတယ်။

Research

Google မှာ ဘယ်သူတွေက ထိပ်မှာ ရှိနေတာလဲ၊ ဘာကြောင့် ရှိနေရတာလဲ စတာတွေကို လေ့လာဖို့ လိုပါတယ်။ Client ရဲ့ လိုအပ်ချက်၊ ကိုယ် သုတေသနပြုထားတဲ့ ရလဒ်၊ ကိုယ့်အတွေ့အကြုံတွေ အားလုံး ပေါင်းလိုက်ရင်တော့ Design Plan ကို ချလို့ရပြီ ထင်ပါတယ်။

ထုံးစံအတိုင်း ဒီနေရာမှာလည်း Brainstorming ဆိုတာ ပါလာပါပြီ။ ဘယ်လို အရောင်သုံးမယ် ဆိုတာက အစ ခေါင်းစားဖို့ လိုလာပါပြီ။ အဖွဲ့နဲ့ လုပ်မယ် ဆိုရင် ပိုပြီး လိုလာမှာပေါ့။ သူတို့နဲ့ တိုင်ပင်ပြီး အသင့်တော်ဆုံးက ဘာဖြစ်မလဲဆိုတာ ခေါင်းချင်းဆိုင်ဖို့ လိုလာပြီပေါ့။ ဒါလည်း သုတေသန လုပ်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဘယ်ဖောင့်ကို သုံးမယ်က အစ သုတေသနလုပ်ကြ၊ ငြင်းကြခုန်ကြပေတော့။

သုတေသန လုပ်တာတော့ ဟုတ်ပါပြီ။ Brainstorm လုပ်တာတော့ ဟုတ်ပါပြီ။ အဲဒီအဆင့်တိုင်းမှာ မှတ်တမ်းမှတ်ရာ မထားဘူး ဆိုပြန်ရင်လဲ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် သွားနေတဲ့ ခရီးလို ဖြစ်နေပါလိမ့်မယ်။ တစ်ခါတစ်လေ မျက်စိလည်ပြီး အစကိုတောင် ပြန်ရောက် လာနိုင်ပါသေးတယ်။

အသုံးပြုမည့် Tools များရွေးချယ်ခြင်း

စီမံကိန်းချတယ်ဆိုတာ Client လိုအပ်ချက်၊ သုတေသန၊ အဖွဲ့လိုက် စဉ်းစားဆုံးဖြတ်ခြင်း စတာတွေနဲ့ မလုံလောက် သေးပါဘူး။ ကိုယ့် တကယ့် Development Process မှာသုံးမယ့် Tools တွေကို ရွေးချယ်ပေးဖို့ လိုပါသေးတယ်။ ကိုယ်လိုချင်တဲ့ Website ကို ဘယ်ဟာတွေနဲ့ အကောင်းဆုံး အချိန်အတိအကျဆုံး ပြီးနိုင်မလဲ ရွေးချယ်ရပါတော့မယ်။ နားလည်အောင် ပြောရမယ်ဆိုရင် ကိုယ့် Project မှာ WordPress သုံးမှာလား၊ ဒါမှမဟုတ် Joomla သုံးမှာလား၊ ရိုးရိုး HTML & CSS ပဲလား၊ JavaScript တွေ ပါမှာလား၊ Framework တွေသုံးမှာလား၊ Shopping Cart လား၊ Flash ပါမှာလား စသည်ဖြင့် ရွေးချယ်ရမှာ ဆိုပါတော့။ ဒါလည်း အတွေ့အကြုံက စကားပြောလာပါပြီ။ အတွေ့အကြုံ များလာတာနဲ့အမျှ ရွေးချယ်တဲ့ နေရာမှာ ကျွမ်းကျင်လာမှာပါ။ ဒီထက်ပိုပြီး စဉ်းစားဖို့ လိုလာတာက ကိုယ့်ရေးမယ့် ဆိုက်အနေနဲ့ Social Site တွေနဲ့ ချိတ်ဆက်ဖို့ လိုလား ဆိုတဲ့ အချက်တွေလည်း ထည့်သွင်း စဉ်းစားရပါမယ်။ အဆင့်ဆင့် ရလာတဲ့ အချက်တွေအပေါ် အခြေခံပြီး အကောင်းဆုံး Tools တွေကို ရွေးနိုင်လေ၊ ကိုယ့် Project အောင်မြင်ဖို့ ရာခိုင်နှုန်း များလေပါပဲ။ ဒါပေမယ့် အရေးကြီးတစ်ချက်က ကိုယ့်မှာ ကိုယ့်အဖွဲ့မှာ Tools တွေကို သုံးနိုင်တဲ့ Skills ရှိရဲ့လားဆိုတဲ့ အချက်ပါ။ ဒီအချက်ကတော့ ရှိပြီးသားလို့ ယူဆပြီး ကျော်သွားမှာ ဖြစ်ပါတယ်။

ဆက်ပါဦးမယ် …

Author : Thiha

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ