this site the web

869..အရှေ့တောင်အာရှ စာပေဆုရ ၀တ္ထုတို " ကော်ဖီနှစ်ခွက်" 30.7.10

 

အလွန် စိတ်ပျက်ဖို့ ကောင်းသော တနင်္လာနေ့ နံနက်ခင်းပါပဲ။ မီးပွိုင့် စိမ်းလာရန် စောင့်နေစဉ် ခဏ လေးမှာပင် သက်ပြင်း အကြိမ်ကြိမ် ချနေမိသည်။

အဆင်မပြေတာတွေ အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ပင်ပန်းနွမ်းနယ် လွန်းလှပြီ။ သို့သော် မနက်စောစောပိုင်းက သမီးလေး ကျောင်းဝိုင်းထဲ မ၀င်ခင် ပေးသွားသည့် အနမ်းကလေး တစ်ခုကတော့ ရင်ကို အေးမြစေခဲ့ပါရဲ့။ ချစ်သမီးကလေး ရောက်နမ် အကြောင်း တွေးလိုက်တိုင်း သူ့စိတ်တွေ ချမ်းမြေ့မြဲပါ။ သမီးလေး ကျောင်းတံခါးဝကို အေးအေးဆေးဆေး ဖြတ်ကျော် သွားတော့မှ သူစိတ်ချ လက်ချ ထွက်လာခဲ့သည်။ ညနေမှောင်မှ သူတို့ သားအမိ ပြန်ဆုံကြရမှာလေ။

သည်ရက်ပိုင်းတွေမှာ သူ့ဘ၀ကို ရှေ့ဆက် လျှောက်လှမ်းဖို့ အားသစ်တွေ ပေးနေသူက သူ့ သမီးကလေးက လွဲ၍ ဘယ်သူ ရှိဦးမည်နည်း။
တွေးနေရင်း သူ့ ယောက်ျား အကြောင်းက ၀င်လာသည်။ လွန်ခဲ့သော နှစ်ရက်၊ သုံးရက်လောက်က တည်းက အိမ်ပြန် မလာခဲ့သည်မှာ ခုမနက်ကျမှ ပေါ် လာသည်။ ထုံးစံအတိုင်း ရန်ဖြစ်ရပြန်သည်။ သူတို့ နှစ်ယောက်စလုံး ကလေးရှေ့မှာ စကားမများ၊ ရန်မဖြစ်ရန် ထိန်းသိမ်း ကြိုးစားကြသော် လည်း လောင်စာကို မီးပွား စင်လိုက်သည်နှင့် တစ်ပြိုင်နက် မနက်စာ စားပွဲမှာ တစ်ယောက်တစ်ခွန်း စကားအချေ အတင်ပြောကြရသည်။ သည်မှ တစ်ဆင့် ရန်ပွဲ ကြီးကြီး ဖြစ်ရတော့သည်။ တွေးနေစဉ် မီးပွိုင့် စိမ်းသွားသည်။ ဒေါသက မပြေသေး။ အင်ဂျင်လီဗာကို ဆောင့်နင်းပြီး မောင်းထွက်လိုက်သည်။
“အမေတို့ ဘာဖြစ်နေ တာလဲ”ဟုမေးသလို အကြည့် နှင့် သမီးကလေးကို ကြည့် လိုက်တိုင်း သူရင်နာနေရသည်။

သူ့ယောက်ျား အပြုအမူ တွေကို သူနား မလည်နိုင်တော့။ ရပြီး ခါစနဲ့မတူ၊ လုံးဝ ခြားနားသွားသည်။ ရောက်နမ် မွေးပြီးနောက်ပိုင်းမှာ သူ့ သဘောထား အမူအကျင့်တွေ ပြောင်းလဲ သွားခဲ့သည်။အ၀တ်အစား၊ အနေအထိုင်က စပြီး ပေါ်ကြော့ဆန် လွန်းလာခဲ့သည်။ အကြောင်းမဲ့ အော်ဟစ်ကြိမ်းမောင်း တတ်လာ သည်။ မပြောမဆိုဘဲ အိမ်မှ ပျောက်သွားတတ်ပြီး ပြန်လာ ပြန်ရင်လည်း အရက်နံ့ တထောင်းထောင်းနှင့် မသတီ စရာ။ သူအရွံဆုံးက အလွန် အကျွံ မူးလာပြီး သူ့ကိုအတင်း အဓမ္မ ထိလား ကိုင်လား လုပ်ခြင်းကိုပင်။

ထိုအခါမျိုး ကျလျှင် ဒေါသထွက်လွန်း၍ ရိုင်းရိုင်း စိုင်းစိုင်းပင် ငြင်းဆန်ပြီး သမီးလေး၏ အိပ်ရာမှာ ရှောင်အိပ်ရမြဲ ဖြစ်နေ၏။ “ငါ့ဘ၀ ဘယ်လိုဖြစ်သွားတာလဲ” ဟု သူ့ကိုယ်သူ ပြန်မေးမိသည်။ သူတို့ နှစ်ယောက်၏ ဘ၀က ဘယ်လိုလဲ။ ယခင်က ရှိခဲ့ဖူးသည့် ကြင်နာခြင်းများနှင့် ချစ်ခြင်း မေတ္တာတွေ ဘယ် ရောက်သွားပြီလဲ။

ရှေ့က မော်တော် ဆိုင်ကယ်က ရုတ်တရက် ရပ်လိုက်သည့် အတွက် ၀င်မဆောင့်မိရန် ဘရိတ်ကို ဆောင့်နင်း လိုက်ရပြန်သည်။ သူ့နောက် က ကားက စိတ်မရှည်စွာ ဟွန်းကို ဆက်တိုက်တီးသည်။ “ဘာဖြစ် နေတာလဲ။ ရှေ့မှာ ပြဿနာ ရှိလို့ မတိုက်မိအောင် ချက်ချင်း ရပ်လိုက် ရတာ။ ဘာဖြစ်လဲ” နောက် ကားက ယာဉ်မောင်းကို စိတ်ထဲမှ ပြန်ပြောသည်။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းသည့် မနက်ခင်းပါလဲ။

ရုံးရောက်တော့ သူ့ ဆံပင်တွေက ဖရိုဖရဲ၊ မျက်နှာ ကလည်း သုန်သုန်မှုန်မှုန်နှင့် တင်းမာနေဆဲ။ ၀န်ထမ်းတွေက အရိုအသေ ပြုကြသည် ကိုပင် ၀တ်ကျေ တမ်းကျေလောက်ပဲ အသိအမှတ် ပြုပြီး သူ့ရုံးခန်းတံခါးကို ဖွင့်သည်။ရုံးခန်းထဲက အောက်သိုးသိုး အနံ့ ထွက်လာသည်။ လျှပ်စစ် မီးခလုတ်များကို ဖွင့်သည်။ ဒီလိုပါပဲ။ ရုံးပိတ်ရက် နှစ်ရက်က အောင်းနေခဲ့သော အနံ့များက တနင်္လာနေ့ဆို တံခါး ဖွင့်လိုက်လျှင် ထွက်လာ နေကျ။ အနံ့တွေ အပြင်ထွက် သွားရန် တံခါးကို ဟထား လိုက်သည်။ လက်ကိုင်အိတ်ကို ရုံးစားပွဲပေါ် ပစ်တင်၊ လေအေးစက်မှ လေသန့် ခလုတ်ကို ဖွင့်ပြီး ကုလားထိုင်ပေါ်ကို တစ်ကိုယ်လုံး ပစ်ထိုင်ချလိုက် သည်။ ကုလားထိုင် နောက်မှီတွင် ကျောကို ဖိကပ်ထားရင်း ပြတင်းပေါက် မှန်များမှ တစ်ဆင့် အပြင်ကို ငေးကြည့်သည်။နံနက်ခင်းနေကလည်း ပြင်းလှပါလား။

ဦးနှောက်တွေ တင်းကျပ်နေသလို ခံစားရသည်။ အလုပ်တွေကို ဘယ်က စ၍ ဘယ်က ကိုင်ရမည် မတွေး တတ်တော့။ ရုံးစားပွဲပေါ်မှ တစ်ထပ်ကြီးရှိနေသည့် ဖိုင်တွဲ များကို ငေးကြည့်ရင်း ဘယ်ဖိုင်က ဘာလဲဆိုတာကို မစဉ်းစားချင်တော့။
“မင်္ဂလာပါ ဘော့စ်”

ရုံးခန်း သန့်ရှင်းရေး အလုပ်သမ မာလေး နှုတ် ဆက်စကားနှင့်အတူ ၀င်လာရင်း ဦးညွတ် အရိုအသေ ပြုသည်။ ကြမ်းသုတ် သန့်ရှင်းရေး ပစ္စည်းတွေကို ချထား သည်။ သူက ဖိုင်တွဲများဆီမှ မျက်နှာလွှဲပြီး မာလေးကို တစ်ချက်ကြည့်ကာ ဖိုင်တွဲ များကိုသာ ပြန်ငေးနေမိ သည်။
“ဘော့စ် နေမကောင်း ဘူး ထင်တယ်”

မာလေးက တိုးတိုး ကလေးပြောပြီး စားပွဲရှေ့က ကြမ်းပြင် သန့်ရှင်းရေး စလုပ် သည်။
မော့ကြည့်ပြီး “ရေနွေးအိုး တည်လိုက်စမ်းပါ”ဟု ခိုင်းသည်။ မာလေးက ခဏ ကြာအောင် ကြမ်းဆက်တိုက်ပြီး အပြင်ပြန်ထွက်သွားသည်။ စိတ်ထဲမှာတော့ ဘော့စ် ခါတိုင်းလို ဘာလို့ စကား မပြောပါလိမ့်ဟု တွေးနေသည်။ ခဏကြာတော့ မာလေး ပြန်ဝင်လာသည်။ ရေဖြည့်ပြီး ရေနွေးအိုး ပါလာပြီး နံရံက မီးခလုတ်မှာ ပလပ်တပ်သည်။ ပြီးတော့ “ပြီးပြီ။ ခဏနေရင် ဆူတော့မှာပါ”ဟု ပြုံးပြုံးရွှင်ရွှင် ပြောသည်။ သူက ဘာမျှပြန် မပြောဘဲ မာလေးကို ပြန် ကြည့်သည်။ မာလေး၏ ကြည်လင်သော မျက်လုံးများက တောက်ပ နေပါသည်။ သူ က နှုတ်ခမ်း တွန့်ရုံမျှ ပြုံး လိုက်သည်။ စိတ်အိုက်နေ တာတွေ၊ စိတ်ရှုပ် ထွေးနေတာတွေ ခဏလောက် ပျောက် ကွယ်သွားသည်။

“ဟော ပြုံးလာပြီ”
မာလေး ပျော်ရွှင်စွာ ပြောရင်း ပို၍ ပြုံးရွှင်လာသည်။
မနက်စောစောက ၀ယ်လာခဲ့သော သတင်းစာအတွင်း ပိုင်းမှ ဖျော်ဖြေရေး ကဏ္ဍ စာမျက်နှာများကို ဆွဲထုတ်ယူကာ မာလေးကို လှမ်းပေး ရင်း “ညည်း ဒါစောင့်နေတာ မဟုတ်လား ငါသိတယ်”ဟု ပြောသည်။

ခေါင်းညိတ်ပြီး မာလေး သတင်းစာကို လှမ်းယူသည်။ သူ့မျက်နှာက ပိုလန်းသွားသည်။ စာမျက်နှာများကို လှန်လှောကြည့်ပြီး သူ ကြည့်လိုသော စာမျက်နှာ ကို ရှာသည်။ တွေ့တော့အချိန် အတန်ကြာ ဖတ်နေသည်။ သူက မာလေးကိုကြည့် ပြီးပြုံးသည်။ အမြဲတမ်း ဒီလိုပါပဲ။ ထီဖွင့်ရန် ၂ ရက်၊ ၃ ရက်အလိုဆိုလျှင် မာလေး ရောက်လာပြီး ဖျော်ဖြေရေး သတင်း ကဏ္ဍ၏ နောက်ဆုံး စာမျက်နှာတွင် ဖော်ပြလေ့ရှိသော လပ်ကီး ဂဏန်းများကို ကြည့်ရန် လာတောင်းနေကျ။ သူကိုယ်တိုင်ကမူ ဒါတွေကို စိတ်မ၀င်စားပါ။ ထိုဖျော်ဖြေရေး ကဏ္ဍ စာမျက်နှာများကို ဖတ်ခဲသည်။ သတင်းစာရှေ့ စာမျက်နှာမှာ ပါသည့် နိုင်ငံ ရေးနှင့် လူမှုရေး သတင်းများကို ဖတ်လို၍သာ ၀ယ်ခြင်း ဖြစ်သည်။ ရယ်စရာတော့ ကောင်းသည်။ သူ့အတွက် ဘာမျှ မဟုတ်သည့် စာမျက်နှာ များသည် မာလေး အတွက် တော့ လွန်စွာ တန်ဖိုး ရှိနေသည်။

ထို့ကြောင့်လည်း မာလေးအတွက် ထိုစာမျက်နှာများကို သူချန်ထားတတ် သည်။ သို့သော် ယခုနောက် ပိုင်းတွင်မူ သတင်းစာများ ကို ဘယ်သူ့အတွက် သူဝယ် မှန်း မသေချာတော့။ ပို၍ ရယ်စရာ ကောင်းသည်က မာလေးနှင့် ထီအကြောင်း ပြောရသည်ကို သူသဘောကျ လာခြင်းပင် ဖြစ်သည်။ သူ့ လက်အောက် ၀န်ထမ်းများကပင် သူတို့ဌာနမှူး ထီဝါသနာ ပါသွားပြီဟု အထင်မှားခဲ့ကြ သည်။ သို့သော် မာလေးနှင့် စကား ပြောရသည်ကို သူ နှစ်ခြိုက်လေသည်။ သူနှင့် မာလေး အကြားတွင် တူညီ သည့် အချက်အလက် နည်းပါးသည့် တိုင်အောင် မာလေး အား သူ့ညီမငယ် တစ်ဦး ကဲ့သို့ပင် သဘောထားသည်။
“ဟဲ့၊ ညည်း ကြိုက်တဲ့ ဂဏန်း တွေ့ပြီလား”

သတင်းစာကို ချလိုက်ရင်း မာလေးကို မေးလိုက်သည်။ မာလေး ငြိမ်နေသည်။ ဘာမှ ပြန်မပြောသေး။ မဟာ ပိန္နဲ နတ်ရုပ်ကို မျက်မှောင် ကြုတ်ကြည့်နေသည်။ နတ် ရုပ်၏ ခန္ဓာကိုယ်က ပုံစံ တသီ တတန်းကြီးကို ညွှန်းနေ၏၊ မာလေးက သတင်းစာကို ရှုထောင့် အမျိုးမျိုးထားပြီး ကြည့်သည်။ စူးစူးစိုက်စိုက် ကြည့်သည်။ ထို့နောက်
”ဘော့စ်ရော ကြည့်ပြီး ပြီလား”

သတင်းစာကို လှမ်း ပေးရင်းပြောသည်။
“ဘယ်ထောင့်က ကြည့်ကြည့် ညည်းဥစ္စာက ရုပ်ပုံတွေပါပဲအေ”

သူက ကုလားထိုင်ကို ပြန်မှီလိုက်သည်။ မာလေး သတင်းစာကိုထပ်ပြီး စူးစူး စိုက်စိုက်ကြည့်ပြန်သည်။
“ဒီတစ်ခါတော့ တကယ်ပေါက်မယ် ထင်တယ်၊၊ နှစ်သစ်ကူးမှာ ငွေတွေ အများကြီး ပိုက်ပြီး အမေတို့ဆီ သွား လည်နိုင်တော့မယ်”

“ညည်း ခုထိ နောင်တ မရသေးဘူး”

သူက ဖြတ်ပြောသည်။
“အရင် နှစ်ကြိမ်တုန်းက ညည်း ရှိသမျှ ကုန်သွားတာလည်း မမှတ်သေးဘူး”
သူကပြောရင်း ရယ် သည်။

“နောင်တရစရာ မရှိပါဘူး ဘော့စ်ရယ်။ ဒီထီကြီး မပေါက်ပေမယ့် မှောင်ခိုထီ တွေတော့ ခဏခဏ ပေါက်နေ တာပဲ။ ကျွန်မအရင်း မဆုံးပါ ဘူး”

မာလေး သည်လိုပဲ ကြွားနေကျ။ ထီထိုး၍ အရင်း ပြုတ်နေသည်ကို သူသိသော်လည်း မာလေးက မည်သည့် အခါမျှ ၀န်မခံ။ အမှန်အတိုင်း မပြော။ သူ့တွင် အကြောင်းပြရန် အချက်များ ၁၀၁ ခုမက ရှိနေမြဲ။ တစ်ခါတလေ သူ ပြောနေသည်များက အမြီး အမောက် မတည့်သဖြင့် ဖြီး ဖြန်းနေတာတွေ အထင်းသား ပေါ်နေတတ်သည်။ မာလေးက သူ မကြာခဏ ထီရှုံးနေသည်ကို သူများ မသိစေချင် မှန်း သူနားလည်ပါသည်။ သို့သော် အမြီးအမောက် မတည့်သော ဖြေရှင်းချက်များ ကို မာလေး ပြောပြီဆိုလျှင် သူ ရယ်ချင်နေပြီ။

ရေနွေးဆူရန် စောင့်နေ စဉ် သတင်းစာကို ဆက်ဖတ် သည်။ မာလေးကမူ သူ့ လပ်ကီး ဂဏန်းများနှင့် အပြင်သို့ ထွက်သွားလေပြီ။ ခဏ ကြာတော့ ရေနွေးအိုးက အသံ စပေးသည်။ ကော်ဖီခွက်ကို ယူရန် ထပြီး ကြည့်လိုက်တော့ အနည်းငယ် တုန်လှုပ်သွားသည်။ သူသုံးနေကျ သူ့ဖေး ဘရိတ် ကော်ဖီခွက် ကလေးသည် ကော်ဖီခွက်ကြီး တစ်ခုထဲတွင် ခွင်ကျ ၀င်နေသည်ကို တွေ့လိုက်ရ၍ဖြစ်သည်။

သြော် ဟုတ်ပြီ သူမေ့နေ တာ။ သောကြာနေ့ ညနေ တုန်းက ဒီခွက်နှစ်လုံးကို ယူ ပြီး ဆေးကြောခဲ့သည်။ ပြီး တော့ အမှတ်မထင်ဘဲ ခွက် ကြီးထဲကို ခွက်ကလေးထည့် ထားခဲ့မိသည်။ ပြန်ထုတ် ကြည့်တော့ ထုတ်မရတော့။ သည်ခွက်နှစ်လုံး အခုလိုကျပ် ကျပ်တည်းတည်း ၀င်ဆံ့နိုင် မှန်း သူဘယ်တုန်းကမှ ထင် မထားခဲ့။ အစတုန်းကမူ ရယ်စရာ အဖြစ် တစ်ခုပါပဲ။ သို့သော် အကြိမ်ပေါင်းများစွာ ခွက်ကလေးကို ထုတ်ရန် ကြိုးစားသော်လည်း ထုတ်၍ မရသောအခါတွင် ဒေါသ ထွက်လာသည်။ ခွက်နှစ်လုံးက ကော်နှင့် ကပ်ထားသည့် အလား တစ်သားတည်းလို ခွင်ကျဖြစ်နေတော့သည်။ မာလေးကို ခေါ်ရန်လည်း မေ့နေသည်။ ၀န်ထမ်း တစ်ယောက် ယောက်ကို ခေါ်လုပ်ခိုင်းရန် ဆိုလျှင်လည်း အနီးအနားတွင် မည်သူမှမရှိတော့။ သောကြာ နေ့ ညနေဆိုလျှင် ထုံးစံအတိုင်း ၀န်ထမ်းတွေ စောစောစီးစီး ပျောက်သွားတတ်ကြသည်။

ခွက်နှစ်လုံးစလုံးကို ကောက်ယူလိုက်ပြီး ထုတ်ယူ ရန်ကြိုးစားသည်။ ဘယ် ဘက်လက်ဖြင့် ခွက်ကြီး၏ ကိုယ်လုံးကိုတင်းကျပ်စွာ ဆုပ် ကိုင်ထားပြီး၊ ညာဘက်လက် လက်ချောင်းများဖြင့် ခွက် ကလေး၏ လက်ကိုင်ကို မိမိ ရရဆုပ်လျက် အားကုန်စိုက် ၍ ဆွဲထုတ်သည်။ မရ။ နှစ်ကြိမ်သုံးကြိမ်ထပ်၍ ကြိုး စားသည်။ တုတ်တုတ်မျှ မလှုပ်။ ဘာမျှ မထူးခြား။ ရေနွေးလောင်း ထည့်ပြီး အပူ ပေးသည်။ ခေတ္တစောင့်ပြီး နောက်တစ်ကြိမ် ထပ်ပြီး ကြိုး စားသည်။ အချည်းနှီးပင်။ ပို၍ ဒေါသ ထွက်လာသည်။ သူ့ဆီမှာ သည်ခွက်များမှ လွဲ၍ အောက်ခံပန်းကန်ပြားပင် မရှိ။ ကော်ဖီ ထည့်သောက်ရန် ဘာမျှမရှိ။

ငါးနှစ်လုံးလုံး ကော်ဖီကို သည်ခွက်ကလေး ဖြင့်သာ သောက်ခဲ့သည်။ သူ မှတ်မိသည်။ ခွက်ကလေးကို ရောက်နမ် မွေးပြီးစတွင် ၀ယ် ခဲ့ခြင်းကို သူမမေ့။ ၀ယ်ပြီး ကတည်းကစသုံးခဲ့ကာ အခြား ခွက်များကို ပြောင်းသုံးရန် စိတ်ပင် မကူးမိခဲ့။ သူ့အတွက် မင်္ဂလာရှိသောခွက်ဟုပင် ယူ ဆထားသည်။ သည်ခွက် ကလေးကို စသုံးကတည်းက သူ ကံကောင်း လာခဲ့သည်။ရာထူး တိုးမြှင့်ခံရသည်။ ဆိုင် ချင်မှလည်းဆိုင်မည်။ ဘယ် သူပြောနိုင်မလဲ။ ခွက်အကြီး ကတော့ သူ့ယောက်ျားခွက် ဖြစ်သည်။ သူယူလာတာ တော့မဟုတ်။ သူ့ယောက်ျား ကိုယ်တိုင်ပဲ ယူလာခဲ့မိပြီး အမှတ်တမဲ့ ထားခဲ့မိသလား မပြောတတ်တော့။ ယခင်လ စောစောပိုင်းတုန်းက သူ့ ယောက်ျား သူ့ရုံးကိုရောက် လာခဲ့ဖူးသည်။ ပြီးခဲ့သည့် သောကြာနေ့တုန်းက ၀န်ထမ်း တစ်ဦးယူလာခဲ့သော ဇပလင် များကို မြည်းစမ်းရန် လုပ်စဉ်က သည်ခွက်ကြီးကို သုံးခဲ့ ဖူးသည်။ သည်တစ်ခါပဲ သုံးခဲ့ဖူးသည်။ သည်တော့ ယခုလို ကတ်သီးကတ်သတ် အဖြစ်မျိုး ဖြစ်လာလိမ့်မည် ဟု တစ်ခါမျှ မတွေးခဲ့။

ရေနွေးဆူသံကို ထပ် ကြားရပြန်ပြီ။ ခေါင်းပိုရှုပ် လာသည်။ ခွက်များကို စား ပွဲပေါ် တင်ထားလိုက်သည်။ မာလေးလာလျှင်တော့ သည် ကိစ္စတွေကို သူရှင်းနိုင်ပေ လိမ့်မည်။ စားပွဲဆီသို့ ပြန်သွားပြီး ဖိုင်တစ်ခုကို ယူသည်။ သူ လက်မှတ်ရေးထိုးရမည့် စာရွက်စာတမ်းများကို ယူ သည်။ နိုင်ငံပိုင်လုပ်ငန်း တစ်ခု၏ဘဏ္ဍာရေးနှင့် ထောက်ပံ့ရေးဌာနကြီးကို တာဝန်ယူရသည့် ညွှန်ကြား ရေးမှူးအလုပ်သည် တာဝန် ကြီးလှပါသည်။ မှား၍မဖြစ်။

မနှစ်ကဤ ရာထူး အတွက် သူ့ကိုလျာထားလိုက် စဉ်ကတည်းက ဖိအားတွေ ရာထောင်မက ပိလာသည်ဟု သူခံစားရသည်။ ထိုစဉ်က ဆိုလျှင် သူ့အထက်ကလူတွေ ကလည်း လုပ်နိုင်ပါ့မလားဟု မယုံသင်္ကာ မျက်လုံးများ ဖြင့်ကြည့်ခဲ့ကြသည်။ ဘယ်တော့ မှားမည်လဲဟု စောင့် နေခဲ့ကြသည်။ အောက်လူ တွေကလည်း အရိုအသေ မပေးချင်ကြ။ အလုပ်တွင် ကတ်ဖဲ့ တိုက်နေခဲ့ကြသည်။ သို့သော် တစ်နှစ် နီးပါးခန့် ကြာတော့ အားလုံးတိုးတက် လာခဲ့သည်။ သည်တော့မှ အထက်မှ လူတွေရော အောက်က လူတွေပါ သူ့အရည်အချင်း ကို ယုံလာခဲ့ကြသည်။ သည် တော့မှပင် သူသက်ပြင်း ချ နိုင်တော့သည်။

ဖိုင်တွဲတစ်ခုကို စိစစ်ပြီး စအချိန်တွင် သူ့လက်ထောက် အရာရှိငယ် တစ်ယောက်က တံခါးခေါက်၍ ၀င်လာပြီး “ဘော့စ်၊ အက်စ်ဂျီက သူ့ အခန်းကို လာတွေ့ပါလို့ ပြော ခိုင်း လိုက်ပါတယ်” အထွေ ထွေအတွင်းရေးမှူးက သူ့အား ဆင့်ခေါ်လိုက်ခြင်းဖြစ် သည်။
“အခုတဲ့လား”

သူလန့်သွားပြီး ပြန်မေးလိုက်သည်။ အရာရှိငယ်က ခေါင်းညိတ်သည်။ မမျှော် မှန်းတာတွေသည် အချိန် မရွေး ဖြစ်တတ်သည်။ အက်စ်ဂျီက ချက်ချင်း တွေ့လိုသည် ဆိုတော့ စိတ်ညစ်ခြင်းများ ဒေါသ ထွက်နေခြင်းများ၊ ဘယ်ဆီ ရောက်ကုန်သည် မသိ။ သူ့စိတ်များသည် လည်း သတိ အနေအထားတွင် အလိုအလျောက် ရှိလာရသည်။ အထက် လူကြီးက ခေါ်သည်ဆိုတော့ သူ့အား ယုံယုံကြည်ကြည် ခိုင်းထားသော အလုပ်တွေ ဘာတွေပြီး ပြီလဲ၊ ဘာကျန်သေးသလဲ ဆို တာတွေကို ပြန်စဉ်းစားရသည်။ အက်စ်ဂျီက မေးလျှင် ချက်ချင်း ပြန်ဖြေနိုင်မှ ကောင်းမည်။ ဌာနအတွက် ၀ယ်ခိုင်းထား သည့် စက်ပစ္စည်းတွေ အတွက်လား။

သို့မဟုတ် ထမင်းစား ဆောင်ကို ပြင်ဆင်ရန်ခေါ် ခိုင်းထားသည့် တင်ဒါကိစ္စ များလား။ ဒါမှမဟုတ် ဘာကိစ္စလဲ။ တသီတတန်းကြီး ဖြစ်နေသော သူ့အာရုံများကို ပြန်လည်စုစည်းပြီး အက်စ်ဂျီ တောင်းလျှင် အလွယ်တကူ ပြနိုင်ရန်လိုမည်ဟု ယူဆသော စာရွက်စာတမ်းများကို စုစည်းပြီး အခန်းမှထွက်လာ ခဲ့သည်။ သို့သော် မှန်ကြည့် ပြီး ဆံပင်ကို တစ်ချက်နှစ်ချက် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်၊ မျက်နှာကိုပေါင်ဒါနည်း နည်းဖို့ခဲ့ရသေးသည်။ ကြည့်စမ်း။ သည်တစ်ခါ ကိုယ့် ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းနေပါကလား။ ဒါမှ မဟုတ်မနက်က ကော်ဖီ မသောက်လိုက်ရလို့များလား။

သူ့အခန်း သူပြန်ရောက် လာတော့ စိတ်သက်သာမှု တွေအပြည့်နှင့်ပါ။ သူ့ကြိုတင် စိုးရိမ်မှုများက ရယ်စရာ ကောင်းနေသေးတော့သည်။ နာရီဝက်ခန့် အက်စ်ဂျီနှင့်တွေ့ဆုံ စကား ပြောလိုက်ရခြင်း က စောစောက ခံစားနေရသော ဒုက္ခတွေ ပြဿနာတွေကို မေ့ပျောက်သွားစေသည်။ ပို၍ နေလို့ထိုင်လို့ ကောင်းသွားစေ သည်။ အလုပ်မှာပိုမို ကြိုးစား ချင်စိတ်များ ပေါ်ပေါက်လာ ခဲ့လေသည်။

အက်စ်ဂျီက ဘာကိုမျှ အသေးစိတ် မမေးပါ။ ယခင် လက သူချမှတ်ပေးခဲ့သော မူဝါဒနှင့် ပတ်သက်၍ တိုးတက်မှု အခြေအနေကို မေးမြန်း ခြင်းသာ ဖြစ်ပါသည်။ ဌာန အတွက် ဗင်ကား တစ်စီးဝယ် ရန်ဖြစ်နိုင်မှု အခြေအနေရှိ၊ မရှိကိုပင် စုံစမ်းခိုင်းလိုက် သေးသည်။ ပြီးတော့ ဟိုကိစ္စ နည်းနည်း၊ ဒီကိစ္စနည်းနည်း ထွေရာလေးပါး ပြောကြသည်။ ရုံးခန်း ပြန်ရောက်တော့ မနက် ပိုင်းက သူလက်မှတ် ထိုးထား သည့်ဖိုင်ကို လက်အောက် ၀န်ထမ်း တစ်ဦးအား ပြန်ပေး လိုက်ပြီး ကျန်ဖိုင်တွဲများကို ဆက်ဖတ်သည်။ ဖတ်နေရင်း မှာပင် ကော်ဖီခွက်များကို လှမ်းကြည့်မိပြန်သည်။ ခွက်များကို ကောက်ယူလိုက် ပြီး စိတ်မကျေပွဲနွှဲပြန်သည်။ နှစ်ကြိမ် သုံးကြိမ်အားကုန် ဆွဲထုတ်သည်။ မရပါ။ ယခင် ထက်ပင် ပို၍ ကျပ်သယောင် ထင်မိသည်။ မာလေးကို သွားသတိရပြန်သည်။ မာလေး ဘယ်ရောက်နေပါလိမ့်။ သူ့ကိုယ်သူ နားမလည် နိုင်တော့။ အသေးအမွှားက အစ မာလေး၏ အကူအညီကို လိုချင်နေသည့် အကျင့်ပါနေ ပြီလား မသိ။
တကယ်တော့ မာလေးသည် သန့်ရှင်းရေး အလုပ် သမား တစ်ဦးမျှသာ ဖြစ်သော်လည်း ညီမငယ် တစ်ဦးလို သူ ဆက်ဆံတတ်သည်။ သို့ သော် သူ့လက်အောက် ၀န်ထမ်း များရှေ့တွင်မူ သိသိသာသာ မျက်နှာသာ ပေးခဲလှသည်။

တစ်ခါတွင်တော့ မာလေးက သူ့အား အမျိုးသမီး သန့်စင်ခန်းတွင် ပြောသည်။ သူ့အသက်နှင့် မလိုက် ရုပ်ကျ နေကြောင်း၊ ပိန်လည်း ပိန်နေ ကြောင်း၊ အလုပ်အရမ်း လုပ်လွန်းကြောင်း၊ အနားယူသင့်ကြောင်း ဝေဖန် အကြံပေးဖူး သည်။ နောက်တစ်နေ့မနက် ပထမဆုံး သူလုပ်သည့် အလုပ်က ရက်ရှည် အနားယူခွင့် တင်လိုက်ခြင်းပင် ဖြစ်သည်။ အက်စ်ဂျီက ယခင်က ဤသို့ အကြံ ပေးစဉ်တုန်းကပင် ငြင်းဆိုခဲ့သည့်သူက မာလေး၏ အကြံပေးချက်ကိုမူ မဆိုင်း မတွ လိုက်နာခဲ့လေသည်။ဒါတင် မကသေး။ တစ်ခါ တစ်ရံ အရေးကြီးသော ကိစ္စ အတွက် ဆုံးဖြတ်ရန် ရှိနေလျှင် မာလေးနှင့် ပျော်ပျော်ရွှင်ရွှင် စကား ပြောရင်းဖြင့် ရလာ တတ်သော အဖြေ သို့မဟုတ် အကြံဥာဏ်များကို သုံး၍ ဖြေရှင်းတတ်သည်။ သည်လို အဖြစ်မျိုး မကြာခဏ ကြုံခဲ့ သည်၊။

သို့သော် မာလေး နှင့် ဆက်ဆံရခြင်း၊ စကား လက်ဆုံပြောရခြင်းများသည် သူ့အတွက် အကူအညီများ ဖြစ်နေကြောင်းကိုတော့ မာလေး သိဟန် မတူချေ။ ကံ ကောင်းခြင်း၊ ကံဆိုးခြင်းနှင့် ပတ်သက်လာလျှင်လည်း သည်အတိုင်းပါပဲ။ မာလေးကို ယုံလျှင် သူကံကောင်း တတ်သည်ဟု သူယုံကြည် နေသည်။
သူနှင့် စကားပြောတိုင်း မာလေးက သူ့မိသားစု အကြောင်းကို ပြောပြတတ် သည်။ မာလေး၏ မိသားစုက သူ့မိသားစုထက် ပို၍သာယာ သည်ဟု ထင်သည်။ မာလေး၏ ယောက်ျားက ကုမ္ပဏီ တစ်ခုတွင် လုံခြုံရေး ၀န်ထမ်း အဖြစ် လုပ်ကိုင်နေသည်။ကလေးနှစ်ယောက် ရှိသည်။ သူတို့လင်မယား နှစ်ယောက် ၏၀င်ငွေစုစုပေါင်းသည် ဘတ် တစ်သောင်းပင် မကျော်ပါ။ ချွေချွေတာတာ သုံးသဖြင့် ဤသို့ ရပ်တည် နေနိုင်ခြင်း ဖြစ်သည်။ နှစ်လတစ်ကြိမ် ဘတ်အနည်းငယ်ကို ဖယ်ထား ပြီး သူတို့ဘ၀ ရှေ့ရေးအတွက် ထီထိုးသည်။ အမှန်က သူထီကို စွဲနေခြင်း ဖြစ်သည်။မထိုးရ မနေနိုင်တော့။

သူ့ ယောက်ျား အကြောင်းတော့ ပြောစရာလိုမည် မထင်။ မာလေးကို အရမ်း ကြောက်ရ သည်။ မာလေး မသိလျှင် ဘာမျှ မလုပ်ရဲ။ မဟုတ်တာ ဆိုဘာမျှ မလုပ်ရဲ။ သည်တော့ သူတို့အိမ်ထောင်ရေးသာယာ သည်ပဲပေါ့။ နံရံပေါ်မှ နာရီ ကို တစ်ချက်လှမ်းကြည့်ပြီး အလုပ်ဆက်လုပ်သည်။အသစ်ဝယ်မည့် စက်ပစ္စည်း များအတွက် ဈေးနှုန်းများ တွက်ချက်ရာတွင် အမှား အယွင်းများ တွေ့ရသဖြင့် ဒေါပွပြီး တာဝန်ရှိသူကို ခေါ် တွေ့သည်။ သေးမွှားသော အမှားများအတွက် ပျော့ ပျောင်းစွာပြောပြီး ပြင်ခိုင်းလိုက်သည်။ ကြီးကြီးမားမား အမှားများ အတွက်ကိုမူ ဆူပူ ကြိမ်းမောင်းပြီး နောက်တစ် ကြိမ် မမှားရန်သတိပေးလိုက် သည်။ တာဝန်ရှိသူဝန်ထမ်း က ဘာမျှပြန်မပြောဘဲရပ်၍ နာခံသည်။ ပြန်ပြင်တွက် ချက်ပြီး လာပြရန်ပြောကာ ဖိုင်ကို ပြန်ပေးလိုက်သည်။ နွားနို့ဘူးကို ဖွင့်သောက်ရင်း ပြတင်းပေါက် အနီးတွင်ရပ် လျက်အပြင်သို့ ငေးကြည့်စဉ် သမီးငယ်ကို သတိရပြန် သည်။

“ဘော့စ် ဒီမှာ သတင်းစာ”
မာလေး အသံကို ကြားလိုက်သဖြင့် လှည့်ကြည့် သည်။

“ပေါက်မယ့် ဂဏန်း တွေ ရွေးပြီးပြီပေါ့ ဟုတ်လား”

“အိုး အများကြီးပေါ့။ဒီတစ်ခါတော့ သန်းဆုကြီး ပေါက်မှာ ကျိန်းသေပဲ”

“ဒါဆို ငွေတွေ အိတ် ကြီးကြီးနဲ့ သယ်ရတော့မှာ ပေါ့ ဟုတ်ဘူးလား”

“ဒါပေါ့ ဘော့စ်ရာ”

သူတို့နှစ်ယောက် ပြော င်း ရယ်လိုက်ကြသည်။
“ဒါဆို ဘယ်တော့ ညည်းအမေဆီ အလည် သွားမှာလဲ”

“နောက်လထဲ လာမယ် လို့တော့ ပြောထားတာပဲ။ ဒါပေမယ့် သွားဖြစ်မယ် မထင်ပါဘူး။ ယောက်ျားကိုပဲ လွှတ်လိုက်မလားလို့။ အမေတို့က ဒီနှစ် စပါး အထွက်ကောင်း တယ်ပြောတယ်။ စပါးရိတ် သိမ်းဖို့ လူမရှိဘူးတဲ့။ မသိမ်း ရခင် မိုးရွာလိုက်ရင်တော့ အရမ်းဒုက္ခ ရောက်မှာ။ ဒါ ကြောင့် ယောက်ျားကို အစား ထိုးလွှတ်ရမှာ။ ကျွန်မက သွားချင်တာမှ တစ်ပိုင်းကို သေနေပြီ။ ဒါပေမယ့် ဒီက အလုပ်ကိုလည်း မလုပ်လို့ မရဘူး”

ပြောနေရင်း မာလေး၏ စကားသံ တိမ်ဝင်သွားသည်။
“ညည်း သွားချင်ရင် သွားပါ။ ဒါပေမယ့် ရက်အကြာကြီး နေလို့တော့ မရဘူးနော်”

မာလေးကို သူသနား သည်။ သို့သော် များများစား စားလည်း မကူညီနိုင်။ မာလေးသည် သူတို့ဌာန လက်အောက်မှာ မဟုတ်။ သူတို့ဌာနမှ ကန်ထရိုက်ဖြင့် ငှားထားသော သန့်ရှင်းရေး ကုမ္ပဏီ တစ်ခု၏ ၀န်ထမ်းဖြစ်သည်။ တစ်နေ့ အလုပ်မဆင်းလျှင် တစ်နေ့ လုပ်ခမရသောစနစ် ဖြင့် အလုပ်လုပ်နေရသော ၀န်ထမ်းများ ဖြစ်ပါသည်။ ရက်ပေါင်းများစွာ အလုပ် ပျက်ခဲ့လျှင်တော့ လကုန်၍ လခထုတ်လျှင် များများစား စားရမည် မဟုတ်တော့။
“ဒါကြောင့် ကျွန်မ မသွားတာပေါ့။ ဒါကို တွေးမိတိုင်း အရမ်းငိုချင်တာပဲ။ ရွှေရောင်တွေနဲ့ တောက်ပနေ မယ့် စပါးခင်းကြီးတွေကို မြင်ချင်လိုက်တာ”

မာလေးသည် လက်နှစ် ဖက်ကိုဆန့်တန်းရင်း မျှော် ကြည့်သလိုလုပ်သည်။
“ပြီးတော့လေ လေတိုက်လိုက်တိုင်း စပါးနှံတွေက ရွှေဝါရောင် လှိုင်းလုံးကြီး တွေလို တအိအိနဲ့ အရမ်း ကြည့်လို့ ကောင်းတာပဲ သိ လား ဘော့စ်”

မာလေး၏ စကားများ ကို သူကောင်းကောင်း နားလည် ခံစားနိုင်ပါသည်။ သူလည်း မြို့ကြီးပြကြီးမှာ မွေး ဖွားလာခဲ့သူ မဟုတ်ပါ။ ဆူပန် ဘူရီ ရွာကလေးမှာ နေ၀င်ချိန် ရွှေဝါရောင် လွှမ်းနေသော စပါးခင်းကြီးများကို ကလေး ဘ၀တုန်းက သူလည်း မြင်နေ ကျပါပဲ။ သူ့ရင်ထဲမှာ ပြက်ပြက်ထင်ထင် ရှိနေဆဲပါ။ သည်လိုရှုခင်းမျိုးကို မြင်တွေ့ လိုက်ရတိုင်း အထီးကျန်သလို ခံစားရဆဲ။ ၀မ်းနည်းမိဆဲ။ မာလေး၏ စကားများသည် သူ၏ကလေးဘ၀ကို ပြန် လည်သတိရ ခိုင်းလိုက်သလို ဖြစ်နေသည်။ ကျေးလက် ဒေသ၏ သဘာဝနှင့် တစ်သားတည်း ကျနေလေ့ရှိသော ကလေးဘ၀။ တစ်ချိန်ချိန် တော့ ရွာကိုမရောက်ရောက် အောင်သွားဦးမည်ဟု သူ တွေးသည်။

“ဒီလိုပြောနေရင် ညည်း ရွာ ပြန်ချင် စိတ်တွေ တိုးလာ လိမ့်မယ်။ ကဲ လာလာ။ ငါ့ ကို ဒါလေး လုပ်ပေးဦး”

ပြောရင်း စားပွဲဆီသို့ ပြန်လျှောက်သွားသည်။
“ဒီခွက် ၂ ခုက အရမ်း ကျပ်နေတယ်။ ညည်းချွတ်ပေးစမ်း။ ဘယ်လိုလုပ်ပြီး ကျပ်သွားမှန်း မသိပါဘူးဟယ်”

“ဟင် ဟုတ်ပါရဲ့။ ဒါ ဘော့စ် အရမ်းကြိုက်တဲ့ ခွက်ကလေးပါလား”

ခွက်များကို လှမ်းယူ ရင်း မာလေး ပြောသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ခွက်ငယ်ကလေးကို တအား ဆွဲထုတ်သည်။ မရ။ နောက် တစ်ကြိမ်ပိုပြီး အားစိုက်လျက် ဆွဲထုတ်ပြန်သည်။ မအောင် မြင်ပါ။ မာလေး နောက်တစ် ခါ အားကုန်စိုက်၍ ဆွဲထုတ် ရန် ကြိုးစားပြန်သဖြင့် သူစိုး ရိမ်လာသည်။
“သတိထားလုပ်။ ခွက်တွေ ကွဲသွားရင် ညည်းလက်တွေ ထိသွားဦးမယ်”
စိတ်ပျက်လက်ပျက် ဖြင့် မြည်တွန်တောက်တီးရင်း သူ့ကိုလှမ်းပြောသည်။

“နေပါဦး။ ဒါတွေ ဘယ်လိုလုပ်ပြီး ခုလိုဖြစ်သွား ရတာလဲ”

“သောကြာနေ့က ဆေး ကြောပြီးခွက်နှစ်ခုကို ခုလို ထပ်ထားလိုက်တာ ဒီလို ကျပ်သွားမယ်လို့လည်း မတွေးမိပါ ဘူးဟယ်။ ခွက်ကို ထုတ်မရ လို့ ကော်ဖီအခုထိ မသောက် ရသေးဘူး”

“ဘုရားရေ။ ကျွန်မကို ပြောပါလား။ တခြား ကော်ဖီ ခွက်တွေ ယူပေးမှာပေါ့”

“နေပါစေ။ ငါကဒီခွက် ကလေးနဲ့မှ သောက်ချင်တာ ဟဲ့”

ထပ်ခါတလဲလဲ ကြိုးစားသော်လည်း မအောင်မြင်ပါ။ မာလေး လုပ်နေသည်ကို ကြည့်ပြီး တဖြည်းဖြည်း စိတ်ကုန်လာသည်။
“ထားလိုက်တော့၊ ထားလိုက်တော့။ ဒီခွက်၂ ခု က ဘယ်လိုမှ ခွဲထုတ်လို့ ရမှာ မဟုတ်တော့ဘူး”

“ဒါဆို ဘော့စ် ကော်ဖီ မသောက်ရတော့ဘူးပေါ့”

မာလေး ထပ်ကြိုးစား ချင်နေသေးသည်။
“ဆပ်ပြာရည် သုံးပြီး ချောအောင်လုပ်ရင် ထွက်လာ နိုင်ပါတယ်။ စမ်းပါဦးမယ်”

“ကဲကဲ သွားလုပ်ချေ။ ထွက်လာရင်ပြီးရော”

“နေဦး၊ ဒါဆို ဘော့စ် ကော်ဖီ အရင် သောက်ပါလား။ ကျွန်မ ကော်ဖီခွက် တစ်ခု သွားယူပေးမယ်လေ”

“နေပါစေတော့။ ငါ နွားနို့ သောက်ထားပြီးပြီ”

ခွက်နှစ်ခွက်ကို ယူပြီး မာလေး အခန်းထဲမှ ထွက်သွားသည်။
“ကြည့်စမ်း၊ ကိစ္စသေး သေးကလေးက ဒို့ကို တော်တော် ဒုက္ခပေးပါလား” ဟု တွေးရင်း သူပြုံးမိသည်။
စာများ အားလုံးကို လက်မှတ် ထိုးပြီး သွားချိန်တွင် သူ့လက်ကိုင်ဖုန်း မြည်သည်။ သူ့ယောက်ျားထံမှ ဖြစ်နေသည်။

“သူ ဘာဒုက္ခပေးဦး မလဲ”

မနက်တုန်းကကဲ့သို့ ရန်ဖြစ်ရဦးမည် ဆိုလျှင် ဟူသော အတွေးကြောင့် သူဖုန်းကို ဖြေချင်စိတ် မရှိ။ သူစိတ်ကုန် နေပြီ။ စိတ်အနှောင့်အယှက် တွေပေးလွန်းလှပြီ။ စကား မပြောချင်တော့။ ဖုန်းက မကိုင်မချင်း အဆက်မပြတ် မြည်နေသည်။ ချီတုံချတုံဖြစ် နေပြီး နောက်ဆုံးတွင် ကိုင်လိုက်ရတော့သည်။ ခဏပဲ စကား ပြောကြရသေးသည်။ ဒေါသ ဖြစ်လာရပြန်ပြီ။

“ကျွန်မ ရှင့်ကို ခဏ ခဏ ပြောပြီးပြီပဲ။ ရှင်လုပ်နေ တာတွေက ကျွန်မ မရှိတော့ သလိုပဲ။ ကျွန်မတို့ သမီးလေး၊ ကျွန်မတို့အိမ် ဒါတွေကို ရှင် ဂရုမစိုက်ဘူး”

ဒေါသတကြီး အော်ဟစ်ပြောကာ ဖုန်းကို ပစ်ချ လိုက်သည်။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းသည့်ဘ၀ လဲ။ သူက ကြီးမားသေ လုပ်ငန်း တာဝန်များကို ထမ်းဆောင် နေသည့် မိန်းမတစ်ယောက်။ သူ့ယောက်ျား ဆိုလျှင်လည်း အဆင့်မြင့် အစိုးရ ၀န်ထမ်း။ ချစ်စရာ ကောင်းသော သမီးလေး တစ်ယောက်ရှိသော သူတို့ အိမ်ထောင်သည် စံပြအိမ် ထောင်တစ်ခု ဖြစ်သင့်ပါရဲ့။ အပြင် လူတွေကလည်း သူတို့ကို အထင်ကြီး အားကျလျက်၊ မနာလိုလျက်၊ အခုတော့ ဘာဖြစ်သွားပြီလဲ။ ပြိုးပြက် တောက်ပသော မျက်နှာဖုံး တစ်ခုသာပါပဲ။

ယခု နောက်ပိုင်းတွင် သူ စဉ်းစားမိလာသည်။ ဘာကြောင့်များ သူတို့လက်ထပ် ဖြစ်ပြီး မိသားစုတစ်စု အဖြစ် အတူတူ နေမိကြပါလိမ့်။ ချစ်ခြင်း မေတ္တာလား။ မဖြစ်နိုင်။ ဒါက နောက်ဆုံး အကြောင်းပြချက်သာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သူ့အဆင့်အတန်း၊ သူ့အခြေ အနေနှင့် သူ့ပတ်ဝန်းကျင် တွင် သူနှင့် ရာထူးအဆင့်တူ သူ၊ အလုပ်အတူ လုပ်သူတွေ နှင့် အပူအပင်ကင်းစွာ ဆက်ဆံ ပျော်ရွှင်နေဆဲ အချိန်။ သူ၏ အပျိုဘ၀ နောက်ဆုံးနှစ်များ ကုန်ဆုံးခါနီးတွင် သူ့ဘ၀ ထဲသို့ ၀င်လာသူက သူ့လင် ယောက်ျားဖြစ်မည့် သူပင်ဖြစ်သည်။ ထိုအဖြစ်များသည် ကံကောင်းခြင်းလော၊ ကံဆိုး ခြင်းလော၊ သေသေချာချာ မသိတော့။

“ဒီမှာတွေ့လား ဘော့စ် ချွတ်ရခဲ့ပြီ”

လူ မရောက်လာခင် အသံက အရင်ကြားနေရသဖြင့် သူ့အတွေးများ တစ်စခန်းရပ် သွားသည်။ မာလေးက ကော်ဖီခွက်ကလေးကို လှမ်း ပေးသည်။ မာလေး ပြုံးနေ သည်။ လှမ်းယူလိုက်ပြီး လှည့်ပတ်ကြည့်ရှုသည်။ နဂို အတိုင်းပါပဲ။ ခြစ်ရာရှရာပင် မတွေ့ရ။
“နေဦး ဟိုခွက်ရော” ခွက်ကြီးကို မမြင်၍ ပြန်မေးသည်။ မာလေးက ခပ်ပြုံး ပြုံးလုပ်နေသည်။ ချက်ချင်း မဖြေ။
“ခွက်ကြီးကို ပြောတာ လား”

ပြန်မေးပြီး မဖြေချင် သလိုလုပ်နေသည်။
“လွှင့်ပစ်လိုက်ပြီလေ။သုံးလို့လည်း ရမှာ မဟုတ် တော့ဘူးလေ။ ဒီလိုမှ မလုပ်ရင် ဘော့စ် ဘယ်တော့မှ ကော်ဖီသောက်ရမှာ မဟုတ် တော့ဘူး”

စပ်ဖြီးဖြီး လုပ်ရင်း ပြောသည်။
“ရှင်းရှင်း ပြောစမ်းပါ အေ။ ညည်း ဘယ်လိုလုပ် လိုက်သလဲ”

“ဆွဲထုတ်ဖို့ ခက်နေတာ လည်း ဘော့စ်သိသားပဲ။ ဘယ်လိုလုပ်လုပ် ထွက်မှ ထွက်မလာပဲ။ ကောင်လေးတွေ ခေါ်လုပ်ခိုင်းလည်း မရ ဘူး။ ဘယ်လိုမှ မရတော့ နောက်ဆုံး...”

မာလေး စကားမဆက် နိုင်ဘဲဖြစ်နေသဖြင့် သူက
“ခွက်ကြီးကို ခွဲချလိုက် ပြီး အကွဲစတွေပါ လွှင့်ပစ် လိုက်တယ်ပေါ့ ဟုတ်လား”

“ဟုတ်ကဲ့”
ခေါင်းညိတ်လျက် ဖြေ သည်။ သူခေတ္တငြိမ်သွား သည်။ မာလေး သူ့မျက်နှာ ကို မကြည့်ရဲ။
“ကောင်းပြီလေ။ တကယ်တော့ တခြား နည်းလမ်းမှ မရှိတော့ပဲ။ ကိစ္စ မရှိပါဘူး”
မာလေး ခုမှပြုံးနိုင်တော့ သည်။

“လုပ်သင့်၊ မလုပ်သင့် ကျွန်မ စဉ်းစားပါသေးတယ်”
သူ တိတ်ဆိတ် ငြိမ်သက်နေဆဲ ဖြစ်သဖြင့် ခပ်ဆိုင်းဆိုင်း ရှင်းပြသည်။
“ဘော့စ်က ခွက်ကလေးကို ပိုကြိုက်တယ်လေ။ ဒီတော့ ခွက်ကလေးကိုပဲ အကောင်းရအောင် ယူမယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။ ကျွန်မ အဲဒီလိုပဲ တွေးလိုက် တယ်။ ဘော့စ် စိတ်မဆိုးပါ ဘူးနော်”

“ကိစ္စမရှိပါဘူးအေ။ ညည်းကိုတောင် ကျေးဇူးတင် ရဦးမှာပါ”

မာလေး အခန်းထဲက ပြန်ထွက်သွားသည်။ ကော်ဖီ ခွက်ကလေးကို ကြည့်ရင်း အတန်ကြာအောင် သူငြိမ်နေ သည်။ မာလေးပြောသွား သည်များကို ပြန်စဉ်းစား သည်။ မှန်ပါသည်။ တစ်ချိန်ချိန်တွင်တော့ သူဆုံးဖြတ် ချက်ချရပေလိမ့်မည်။ တစ်ခုခုကို ရွေးချယ်ရမည့် အခြေ အနေမျိုး ကြုံလာသည့် အချိန်တွင် ဘာကို ရွေးမည်လဲ ဆို သည်ကို ဆုံးဖြတ် ရပေလိမ့်မည်။ ကော်ဖီခွက်ကလေးကို အပြန်အလှန် ပွတ်သပ်ရင်း အတွေးများတွင် နစ်မျောနေသည်။
ဟုတ်ပါသည်။ ယခု သူ တစ်ခုခုကို ရွေးရပေတော့မည်။





ကိုးကား.....ထွန်းအုန်းမိတ်
အရှေ့တောင်အာရှ စာပေဆုရ (SEA Write Award-Winner), Watchara Satjasarrasin ရေးသား သော ၀တ္ထုတိုကို Things we forget တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်းမှ မြန်မာ ဘာသာသို့ ထပ်မံ ပြန်ဆိုပါ သည်။ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထားသော ၀တ္ထုတိုကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ ဂ ရက်နေ့ထုတ်Bangkok Post တွင် ဖော်ပြထားပါ သည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ