this site the web

816..ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅)၏အထ္ထုပတ္တိ[17.7.10]

 


၁၉၂၃ခုနှစ်၊ ဧပြီလ ၆ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့နယ်၊ င၀န်မြစ်အနောက်ဖက်ကမ်း၊ ဒေါင့်ကြီး ရွာ၌ အဘဦးဘိုးတွေ၊ အမိဒေါ်သင်တို့မှဖွားမြင်။ ငယ်မည် သန်းထွန်း။ သားသမီး ၄ ယောက်အနက် ဒုတိယသား။
၁၉၃၈ခု၊ မတ်လတွင် ငါးသိုင်းချောင်း အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းအောင်။ အသက် ၁၅ နှစ်ပဲရှိတာကြောင့် တက္ကသိုလ်တက်ခွင့် ၁နှစ်စောင့်ရ။
၁၉၃၉ခု၊ သြဂုတ်လတွင် ရန်ကုန်ယူနီဗာစတီ၌ စတင်ပညာသင်ကြား။
၁၉၄၁ခု၊ မတ်လတွင် အိုင်အေ(၀ိဇ္ဇာ-အောက်တန်း)အောင်။
၁၉၄၂- ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၊ ရွာပြန်။ ဂျပန်ခေတ်တွင် ဖခင်၏တိုက်တွန်းမှုဖြင့် ငါးသိုင်းချောင်း ဘုရားကြီးတိုက် ဦးဥာဏိဿရထံ၌ဇာတာဖွဲ့နည်း၊ ပြက္ခဒိန်လုပ်နည်း၊ နေကြတ်လကြတ်၊ အာယုဒါယ၊ နက္ခတ် စသည်သင်သည်။ သင်္ကြန်စာရေးသား၍ ထုတ်ဝေခွင့်ရပြီး ပုံနှိပ်ပြီးချိန်တွင် ဗုံးကျသည့်အထဲ ပါသွားသည်။
၁၉၄၃- ငါးသိုင်းချောင်း၊ အာရှလူငယ်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်။
၁၉၄၅- ဖက်ဆစ်တော်လှန်ရေးတွင်ပါဝင်၊ ကွန်မြူနစ်ဝါဒကို လေ့လာ၊ ဖက်ဆစ်တော်လှန်ရေးအပြီး ငါးသိုင်း ချောင်း ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်(ဖ-တ-ပ-လ)ရဲ့ ပထမဆုံးဥက္ကဌအဖြစ် ဆောင်ရွက်။
၁၉၄၆- မတ်လတွင် ၀ိဇ္ဇာ(B.A)ဘွဲ့ရသည်။ ဇွန်လ ၁ရက်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၌ အချိန်ပိုင်း နည်းပြအဖြစ် စတင်အမှုထမ်း၊ ၀ိဇ္ဇာဂုဏ်ထူးတန်းဆက်တက်။
၁၉၄၇-မတ်လတွင် ၀ိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ရသည်။ ဇွန်လ ၁ရက်တွင် အချိန်ပြည့်နည်းပြဖြစ်လာ၊ အောက်တိုဘာ တွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂညီလာခံ၌ ဗကသဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်ခံရ။ ညီညီ(လင်းယုန်နီ)ထုတ်ဝေသူ အဖြစ်ဆောင်ရွက်သော ''ကျောင်းသားဟစ်တိုင်''စာစောင်တွင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့။ သမိုင်းမဟာဝိဇ္ဇာတန်း ဆက်လက်တက်ရောက်။
၁၉၄၈- လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးကို စွန့်လွှတ်၍ သမိုင်းနှင့်စာပေကို စူးစိုက်လေ့လာ။ အောက်တိုဘာ ၁၉ ရက်တွင် ငါးသိုင်းချောင်း၊ ကွမ်းယားရွာက ဦးဘိုးမြိုင်၊ ဒေါ်မြတို့၏သမီး ဒေါ်ခင်ရီနှင့်လက်ထပ်။
၁၉၅၀- မတ်လတွင် သမိုင်းမဟာဝိဇ္ဇာဘွဲ့ရသည်။ ဇွန် လ ၁၀ ရက်တွင် လက်ထောက်ကထိကဖြစ်လာသည်။
၁၉၅၁- ဥပဒေသင်တန်းတက်ရောက်သည်။
၁၉၅၂၊ ဥပဒေဘွဲ့ရသည်။ ဤအတွင်း ဥပစာဝိဇ္ဇာတန်းတွင် မြန်မာလိုသင်ရန် ''ခေတ်ဟောင်းကမ္ဘာ့သမိုင်းပြုစု''၊ ကိုလံဘိုစီမံကိန်းဖြင့် အမေရိကန်နိုင်ငံ ကော်နဲလ်တက္ကသိုလ် ပညာသင်ဆုရသည်။ အစိုးရပညာတော်သင်အဖြစ် လည်းအရွေးခံရ၍ မိမိဆန္ဒဖြင့် လန်ဒန်တက္ကသိုလ်ကို ရွေးချယ်ခဲ့သည်။ အောက်တိုဘာမှ ၁၉၅၆ ခု၊ ဇန္န၀ါရီအထိ လန်ဒန်တက္ကသိုလ်တွင် ပါရဂူဘွဲ့သင်တန်းတက်ရောက်သည်။ ပါမောက္ခလု့စ်၏ တိုက်တွန်းမှုဖြင့် ''ပုဂံခေတ် သာသနာဝင်'Buddhist Church in Pagan Periodစာတမ်းကို တင်သွင်း၍ ပါရဂူဘွဲ့ရသည်။ စာတမ်းအတွက် ဘီစီလောဆုကိုလည်းရသည်။ စာတမ်းကြီးကြပ်သူမှာ ပါမောက္ခဟောလ် (D.G.E Hall)ဖြစ်သည်။
၁၉၅၆ မေ ၁တွင် ရန်ကုန်ပြန်ရောက်သည်။ ဇွန် ၁၁ွင် ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနလက်ထောက်ကထိက အဖြစ် ပြန်လည်ထမ်းဆောင်။ မြန်မာနိုင်ငံသုတေသနအသင်း ရာသက်ပန်အသင်းဝင်ဖြစ်သည်။ နိုဝင်ဘာမှာ တပ်မတော်မော်ကွန်းတိုက်မှာ စာတည်းမှူးချုပ်နှင့် သုတေသနအရာရှိချုပ်အဖြစ်ခန့်ပြီးမှ (ကွန်မြူနစ်ပါတီဟောင်း ဗ.က.သဥက္ကဌဟောင်းဖြစ်ခဲ့၍) ကာကွယ်ရေးဝန်ကြီးက ကန့်ကွက်သည့်အတွက် ရန်ကုန်တက္ကသိုလ် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာနကို ပြန်ရောက်။
၁၉၅၇- ဇန်န၀ါရီ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ လက်ထောက်ကထိကအဖြစ် မူလတာဝန်ကို ပြန်လည်ထမ်းဆောင်။
၁၉၅၇-၅၈ တွင် အီဂျစ်နှင့် ဆီးရီးယားနိုင်ငံများ၌ ကျင်းပသော အာရှ-အာဖရိက စည်းလုံးညီညွတ်ရေး ကွန်ဂရက်သို့ တက်ရောက်လေ့လာ။
၁၉၅၈၊ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ အနောက်တိုင်း ရာဇ၀င်ကထိကဖြစ်လာသည်။
၁၉၆၀၊ နိုဝင်္ဘာ ၅ တွင် အရှေ့တိုင်းသမိုင်းကထိက ဖြစ်လာ။ အရှေ့တိုင်း သမိုင်းကထိကရာထူးအတွက် သမိုင်း ကော်မရှင်ကျမ်းပြု ဗိုလ်မှူးဘရှင်နှင့် ယှဉ်ပြိုင်ခဲ့ရာ တက္ကသိုလ်ဆီးနိတ်မှ ဦးဘရှင်ကို ၁၅မဲ ၁၂မဲဖြင့် ရွေးချယ်ခဲ့ သော်လည်း တက္ကသိုလ် ကောင်စီတွင် ဒေါက်တာသန်းထွန်းက ၁၄မဲ ၁၁မဲဖြင့် ပြန်လည်အနိုင်ရခဲ့သည်။
၁၉၅၈မှ ၁၉၆၁ထိ၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ၁၉၅၉မှ ၁၉၆၁ထိ၊ မြန်မာ့သမိုင်းကော်မရှင်က ထုတ်ဝေသော သမိုင်းတံခွန်ဂျာနယ်တွင် တွဲဘက်အယ်ဒီတာအဖြစ် ဆောင် ရွက်သည်။
၁၉၆၅၊ အောက်တိုဘာ ၁တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ခံရ။ ၁၇နှစ် တာဝန် ထမ်းဆောင်ခဲ့။ မန္တလေးကိုဗဟိုပြုပြီး ၁၇နှစ်လုံးလုံး သမိုင်းအထောက်အထားရှာဖို့ နယ်လှည့်ခဲ့၊ ဒေါက်တာ သန်းထွန်း၏ အရေးကြီးသည့် ဘ၀အပိုင်းကဏ္ဍဖြစ်။
၁၉၆၅၊ နိုဝင်္ဘာ- မန္တလေးဓမ္မဗိမာန်မှာ ကျင်းပသည့် စာဆိုတော်နေ့တွင် ''ပြောသလိုရေးမယ်'' စာတမ်းတင် ဖတ်ကြား။ တစ်နိုင်ငံလုံး စာပေလောက ဂယက်ရိုက်ခဲ့။
၁၉၈၂၊ စက်တင်ဘာ ၁၇တွင် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှဌာနတွင် သုတေသနပညာရှင် အဖြစ် ၁နှစ်တာအမှုထမ်းခဲ့။
၁၉၈၃၊ ဧပြီ ၆တွင် မြန်မာနိုင်ငံဝန်ထမ်းဘ၀မှ အသက် ၆၀ပြည့် အငြိမ်းစားယူ၍ ဂျပန်နိုင်ငံတွင် ဆက်လက် တာဝန်ထမ်းဆောင်။ အောက်တိုဘာ ၁တွင် တိုကျိုနိုင်ငံခြားဘာသာသင်တက္ကသိုလ် အာရှနှင့် အာဖရိကဘာသာ စကားနှင့်ယဉ်ကျေးမှုလေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်။ အင်ဒို-တရုတ်ဌာန မြန်မာဘာသာစကား ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်။ (၁၉၈၄ မှ ၁၉၈၇ ထိ)။ နောက် တိုကျိုနိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ်ဘွဲ့လွန်ကျောင်းမှာ ၁၉၈၇ မေ ၃၁ထိ ဧည့်ပါမောက္ခ။ ဂျပန်နိုင်ငံမှာ ရခဲ့တဲ့အဓိကအမြတ်က တိုယိုတာဖောင်ဒေးရှင်းအကူအညီနဲ့ အတွဲ ၁၀တွဲရှိမယ့်''မြန်မာနိုင်ငံအမိန့်တော်များ(အေဒီ ၁၅၉၈ -၁၆၄၈) ပထမ တွဲကို စတင်ထုတ်ဝေနိုင်ခြင်းပါပဲ။
၁၉၈၇၊ ဇွန် ၁တွင် အမေရိကန်မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေး ဧည့်ပါမောက္ခ အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်။ အဲဒီနှစ် စက်တင်ဘာမှာ အမေရိကအင်အာဗာ၊ မစ်ရှီဂန်တက္ကသိုလ်ရဲ့ သမိုင်းဌာနပါမောက္ခအဖြစ် ၁၉၉၀ မတ်လ ၁၀ထိ၊ တက္ကသိုလ်တစ်ခုကို ဆီမစ်စတာ(Semester) တစ်လှည့်စီ အမှုထမ်းခဲ့။ ဒီလိုနိုင်ငံခြားတက္ကသိုလ်အသီးသီးမှာ တာဝန်ထမ်းနေဆဲတွင် ''မြန်မာနိုင်ငံအမိန့်တော်များ''ကို အဆက်မပြတ်ပြုစုခဲ့။ ယင်းကျမ်းထဲမှာ ဒုတိယအင်းဝခေတ်မှ သီပေါမင်းပါတော်မူချိန်ထိ မြန်မာမင်းများ၏ အမိန့် တော်ပြန်တမ်းများကို စာမျက်နှာပေါင်း ၇၆၀၀ကျော်ပြုစုထား။
၁၉၉၀၊ မတ် ၁၅ွင် လန်ဒန်တက္ကသိုလ်က ဒီလစ်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့။ မြန်မာ့သမိုင်းလေ့လာရေးအတွက်ပြုစုသော ''မြန်မာနိုင်ငံ အမိန့်တော်များ'' (အေဒီ ၁၅၉၈ - ၁၈၈၅)The Royal Orders of Burma (AD. 1598-1885) (ROB 10.Vols)အတွက် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအမိန့်တော်များ ၁၀တွဲကို ၁၉၈၃မှ ၁၉၉၀ပြည့်နှစ်အတွင်း ဂျပန်နိုင်ငံ၊ တိုယိုတာဖောင်ဒေးရှင်းမှ တာဝန်ယူပုံနှိပ်ထုတ်ဝေခဲ့သည်။ ဒီလစ်ဘွဲ့ရပြီး ဗြုန်းစားကြီး မြန်မာနိုင်ငံ ပြန်ရ။ (အပြန်ခရီးမှာ အမေရိက၊ ကနေဒါ၊ အင်္ဂလန်၊ ပြင်သစ်၊ အိန္ဒိယ၊ ဗုဒ္ဓဂါယာ၊ စင်ကာပူ၊ ဘန်ကောက်တို့ကို လှည့်လည်ခဲ့)။
၁၉၉၀၊ ဧပြီ ၁၂တွင် ရန်ကုန်ပြန်ရောက်သည်။ နေစရာတိုက်ကလေးတစ်လုံးကို သမီးထွေးနွယ်နီသန်းထွန်းက ဆောက်ပေး။ ကွန်သာယာ ၁၅၅-က၊ ယောဂီကျောင်းလမ်း၊ လှိုင် (၁၁)ရန်ကုန်တွင် ကွယ်လွန်ချိန်ထိနေထိုင်သွား| ချမ်းမြေ့တဲ့မိသားစုအဖြစ် သားဖေသန်းထွန်း၊ သမီးမေသန်းထွန်း၊ မဉ္ဇူသန်းထွန်း၊ နှင်းဆီသန်းထွန်း၊ နွယ်နီ သန်းထွန်းတို့ ထွန်းကားခဲ့။
၁၉၉၁၊ ဖေဖော်ဝါရီ ၁၃တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရ၍ မြန်မာအင်္ဂလိပ်အဘိဓာန်ပြုစုရေးတွင် ပါဝင် ဆောင်ရွက်။
၁၉၉၁၊ စက်တင်ဘာ ၂၆တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖြစ် ခန့်အပ်ခံရ။
၁၉၉၂၊ ဒီဇင်္ဘာ ၁၄တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန ဖွင့်လှစ်ရေးအတွက် တာဝန်ပေးခြင်း ခံရ။
၁၉၉၃၊ ဇွန် ၁တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ခန့်အပ် သည်။
၁၉၉၆၊ ဇွန် ၁- ရန်ကုန်တက္ကသိုလ် သမိုင်းဌာနဂုဏ်ထူးဆောင် ပါမောက္ခအဖြစ်ခန့်အပ်ခံရ။
ဒေါက်တာသန်းထွန်းသည် သမိုင်းစာတမ်းတွေကိုလည်း အရှိန်အဟုန်နဲ့ရေးခဲ့။ စာတမ်းတွေကိုလည်း ပြည်တွင်း မှာရော၊ ပြည်ပမှာပါ ဖတ်ခဲ့။ မဂ္ဂဇင်းပေါင်းစုံက တောင်းတဲ့စာမူတွေလည်း လစဉ်မပြတ်ရေးခဲ့။ စာအုပ်တိုက်တွေက ပူဆာတဲ့စာအုပ်တွေကိုလည်း အင်္ဂလိပ်တစ်မျိုး၊ မြန်မာလိုတစ်သွယ်၊ တစ်အုပ်ပြီးတစ်အုပ်ရေးခဲ့။ သည်လောက် အလုပ်များတဲ့ကြားက ပန်းချီလည်းဆွဲ၊ ကဗျာစာအုပ်က ထုတ်လိုက်ဖြစ်သေး။
၂၀၀၅-ခုနှစ်၊ နိုဝင်္ဘာ ၃၀ရက်နေ့တွင် မန္တလေး၌ ကွယ်လွန်။
ဒေါက်တာသန်းထွန်း၏စာအုပ်(အချို့)
(၁)ခေတ်ဟောင်းကမ္ဘာ့သမိုင်း၊ (၂)ခေတ်သစ်ရာဇ၀င်၊ (၃)နယ်လှည့်ရာဇ၀င် ၃ တွဲ၊ (၄)အသစ်မြင် ဗမာ့သမိုင်း (၅) ခေတ်ဟောင်းမြန်မာရာဇ၀င် (၆)မြန်မာ့သမိုင်းရှာပုံတော် (၇)ပုဂံလက်သစ်နှင့်အခြားစာတမ်းများ (၈) မြန်မာ့ သမိုင်းလစ်ကွက်များ (၉)သမိုင်းနှင့်စကားပြောခြင်း။ (၁၀) ငါပြောချင်သမျှ ငါ့အကြောင်း (၁၁) အိန္ဒိယချစ်ကြည်ရေး ခရီး (၁၂)ကိုးကွယ်ရာအပင်နှင့်ပုံပြင်၊ (၁၃)မြန်မာ့မီးဖုတ်မြေထည်ပစ္စည်း (၁၄)မြန်မာထွေထွေရာရာသမိုင်း (၁၅) မြန်မာစာပေသမိုင်း (၁၆)မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ (၁၇)တစ်နေ့တစ်လံ ပုဂံဘယ်ပြေး မလဲ
မြန်မာပြန်စာအုပ်(အချို့)
(၁)တတိယမျက်လုံး၊ (၂)မင်းဒုက္ခနဲ့မင်းနှင့် ဂျပန်ကဗျာ ၁၀၀၊ (၃)ကျော်စွာတစ်ရာ ၄ တွဲ၊ (၄)အရင်ဧကရာဇ် အခုလူ၊ (၅)ကုမာအောင်ကလူစားကျား၊ (၆)မိုးကျရွှေကိုယ်(ရောင်လှည့်တယ်) (၇)ဂျပန်မှုထပ်တစ်ရာ၊ (၈)။ ၀ိတို ရိယနဲ့အယ်ဗတ်ပြတိုက်မှာရှိတဲ့ မြန်မာ့အနုပညာလက်ရာပစ္စည်း (၉)မြန်မာဗုဒ္ဓသာသနိကအဆောက်အဦ၊ (၁၀) သုတေသနထုံး

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ