this site the web

441..ကက္ကူဘုရားစေတီ အစု (သမိုင်း)

 

ထိုစေတီကို မွေတော်ကက္ကူဟု လူသိများကြသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် ကျောက်တစ်လုံးမြို့ကြားရှိ ပအို့ဝ် မျိုးနွယ်စုတို့ နေထိုင်ရာ ဒေသတွင် ရှိသည့် ရှေးဟောင်း သမိုင်းဝင်စေတီ အစုအဝေးကြီးတစ်ခု ဖြစ်ပါသည်။ ထိုနေရာကို စာရေးသူ မရောက်ဖူးခဲ့စဉ်ကပင် ဓာတ်ပုံများကို တွေ့ခဲ့ဖူးပါသည်။ ရိုက်ကူး ခဲ့သော ပညာရှင် များမှာ တောင်ကြီးမြို့မှ မိတ်ဆွေ သတင်းထောက်ကြီး ကိုသန်းဝေနှင့် အင်္ဂလန် နိုင်ငံမှ ဓာတ်ပုံပညာရှင် အဖြူအမည်း ဓာတ်ပုံများဖြင့် ထင်ရှား ကျော်ကြားသည့် တင်မ်ဟော(Tim Hall)တို့၏ လက်ရာများမှ တစ်ဆင့် ဦးစွာ ဖူးတွေ့ခဲ့ရခြင်း ဖြစ်သည်။

ကက္ကူစေတီတော်များမှာ မြန်မာနိုင်ငံ နေရာ အနှံ့တွင် ဖူးတွေ့ရသော အခြားစေတီ၊ ပုထိုး၊စတုပ များနှင့် ပုံစံမတူ ကွဲပြားပါသည်။ စေတီ၏ အခြား ပစ္စယာများက မကြီးမား၊ အထက်ပိုင်းကို ချွန်ထွက် မြင့်မား ရှည်လျားသေးသွယ်သော ပုံသဏ္ဌာန် ရှိသည့် စေတီများ ဖြစ်ကြပါသည်။ ထူးခြားသည်က စေတီ ထောင်ဂဏာန်း အရေအတွက်မှာ တစ်နေရာ၊ တစ်စုတစ်ဝေးတည်း ပူးပူးကပ်ကပ် တည်ရှိနေသော စေတီ အဖွဲ့အစည်း ဖြစ်နေခြင်းကလည်း အခြားစေတီ များနှင့် မတူခြင်း ဖြစ်သည်။ ထိုစေတီ အစုအဝေးတွင် နှစ်ဆူသော အဓိကကျသည့် စေတီတော်တို့ကလွဲ၍ ကျန်စေတီ အားလုံးမှာ အရွယ်အစား၊ ကိုယ်လုံးတော်၊ ဉာဏ်တော်များက မတိမ်းမယိမ်း တူနေခြင်းကလည်း ထူးခြားနေပေသေးသည်။


ကက္ကူသို့ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပထမဆုံး ရောက်ခဲ့စဉ်က ဆိုင်တန်းနှင့် စေတီစု

ဓာတ်ပုံများမှ တစ်ဆင့် ဖူးတွေ့ရသော ထောင့်ကိုးရာ ကိုးဆယ်ပြည့်လွန်ပိုင်း နှစ်များတွင် ထိုနေရာများကို ရောက်ဖူးလိုစိတ် များစွာ ဖြစ်ပေါ်ခဲ့သည်။ သွားရောက် နိုင်ရန်အတွက် စုံစမ်းသည်။ မေးမြန်းသည်။ သို့သော် တကယ် သွားရောက်ရန် ကြိုးပမ်းသော အခါ အလွယ်တကူ အဆင်မပြေခဲ့ပေ။ ထိုကာလက ကက္ကူ တည်နေရာမှာ သွားလာရန်အတွက် လုံခြုံရေး အခြေအနေက အခွင့်မသာခဲ့။ တောင်ကြီးကို အခေါက်ခေါက် အခါခါ ရောက်သည်။ သွားခွင့်မသာခဲ့။ ဇွတ်တိုး၍ သွားရန် ကြိုးပမ်းခဲ့သေးသည်။ နယ်မြေကို စီမံအုပ်ချုပ် တာဝန်ယူထားသူများက တားမြစ်ကာ သွားခွင့် မပြုသဖြင့် သွားရောက်ခွင့် မရခဲ့ပေ။ ထောင့်ကိုးရာ ကိုးဆယ် ပြည့်ကျော် ဆယ်စုနှစ်လယ်ပိုင်း တစ်နှစ်တွင် တောင်ကြီးကို ဓာတ်ပုံခရီး တစ်ခေါက် ရောက်ခဲ့သည်။အင်းလေး ဒေသ ဘက်သို့လည်း ထိုစဉ်က ရောက်ခဲ့၏။ ထိုနယ်မြေ၌ ငြိမ်းချမ်းရေး အရိပ်များ သန်းစပြုသော ကာလ ဖြစ်သည်။ ထိုလမ်းကြောကို သွားခွင့် တရားဝင် မပေးသော်လည်း တင်းတင်းကြပ်ကြပ် တားသူ၊ တာဝန် ချထားသူ မရှိသော အနေအထားကို တွေ့ရသော ကာလ ဖြစ်သည်။စာရေးသူသည် မည်သူ့ကိုမျှ ခွင့်မတောင်း၊ မိမိသဘောဖြင့် တစ်ဦးတည်း ကင်မရာ တစ်လုံး ဆွဲကာ ကြုံရာ `ထော်လာဂျီ´ တစ်စီး တက်စီးပြီး `ဟမ်းဆွီး´ ရွာသို့ ရောက်သွားခဲ့သည်။


ကက္ကူဘုရားစေတီ အစုအဝေး၏ တစ်စိတ်တစ်ဒေသ


ကက္ကူဘုရားပွဲ(တပေါင်းလပြည့်)ကာလ ဘုရားဖူးများ

ထိုစဉ်က ကက္ကူသွားလမ်းက ယခုလို လမ်းမကြီး(တောင်ကြီးကျောက်တစ်လုံးလမ်း) ပေါ်မှ တစ်ဖြောင့်တည်း ကက္ကူလမ်းဟူ၍ မရှိသေးပါ။ ဟမ်းဆွီးရွာမှ ဖြတ်ပြီး အတွင်းလမ်းက သွားရပါသည်။ ဟမ်းဆွီးတွင်လည်း ကက္ကူစေတီများနှင့် ပုံစံတူသည့် စေတီအရေအတွက် အနည်းငယ် ရှိပါသည်။ မှတ်မှတ်ရရ ဟွမ်းဆွီးရွာမှ ကြီးမားလှသော ဘုန်းကြီးကျောင်း၌ မန္တလေး ဘုန်းကြီးကျောင်း(မဟာမြတ်မုနိ) အတွင်းရှိ အုတ်ချပ်များ(ယိုးဒယားကြေးရုပ်) ကဲ့သို့ ကြေးရုပ် နှစ်ခုကို တွေ့ခဲ့ပါသေးသည်။

ထိုဟမ်းဆွီးလမ်းမှ လမ်းလျှောက်ကာ ကက္ကူသို့ သွားခဲ့ခြင်း ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသာ ရှိပါသည်။ မှတ်မှတ်ရရ ထိုဘုန်းတော်ကြီးကျောင်း၌ သတင်းထောက်တောင်ကြီး(ဦး)သန်းဝေ လှူဒါန်းထားခဲ့သော ကက္ကူဘုရားစု ဓာတ်ပုံကို တွေ့ရပါသေးသည်။

ဘုရားပွဲ ရာသီလည်း မဟုတ်၊ဒေသ၏ စိုက်ပျိုးရေး ရာသီလည်း မကုန်သေးသော ဆောင်းနှောင်းကာလ ဖြစ်ရာ ဘုရားဖူးလာသူ မတွေ့ရသလောက် ဖြစ်ပါသည်။ ကက္ကူဝန်းကျင်ရှိ ညောင်ပင်ကြီးများ ကလည်း အရွက်များ ကြွေစဖြစ်၍ မြေပြင်တွင် ရွက်ကြွေတော ထစဖြစ်ပါသည်။ ကက္ကူစေတီတော်ကြီး တွင်မူ ဒေသခံ တစ်ဦးစ နှစ်ဦးစ တွေ့ရပါသည်။ ထူးထူး ခြားခြား ဘုန်းတော်ကြီးကျောင်းတွင် နေကာ အဓိဋ္ဌာန် ၀င်၍ ဘုရား ပြုပြင်ရန် ကြံစည်နေသူ တစ်ဦး(ရန်ကုန်ကဟု ဆိုပါသည်)ဆုံရသည်။

ထိုနေ့က စာရေးသူသည် ကက္ကူဘုရားများ ၀န်းကျင်၌ တစ်ဦးတည်း စိတ်ကြိုက် ဓာတ်ပုံ ရိုက်နေခဲ့ပါသည်။ ထိုအချိန်တွင် ပအို့ဝ် ရိုးရာ နက်ပြာရောင် ဘောင်းဘီ၊ အင်္ကျီ၊ ခေါင်းပေါင်း ခပ်နွမ်းနွမ်း ပေါင်းထားသော သူတစ်ဦးက မည်သည် အချိန်ကတည်းက ဓာတ်ပုံရိုက်ရန်သာ အာရုံရောက်နေသော စာရေးသူ အနီးသို့ ရောက်နေမှန်းမသိ။ သူက စကား စလာပြောမှ သတိထားမိလိုက်ပါသည်။ `ဘယ်ကလာလဲ´၊ `ဘယ်ကိုလာသလဲ´၊ `ဘယ်ကို ပြန်မှာလဲ´ စသည်များ မေးရှာပါသည်။ စာရေးသူက သူမေးသမျှ ဖြေပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးက `ခင်ဗျား ထမင်းဘယ်မှာ စားမှာလဲ´ဟူသည့် မေးခွန်း ဖြစ်ပါသည်။ စာရေးသူမှာ ရောက်ခဲသော နေရာ၊မြင်ရခဲသော မြင်ကွင်းများကို ဓာတ်ပုံ တစ်ကွက်ပြီး တစ်ကွက် ၊ ဖလင် တစ်လိပ်ပြီး တစ်လိပ်သာ ရိုက်နေပြီး ဘာအတွေးမျှ မရှိသော အခြေအနေတွင် သူမေးကာမှ ဗိုက်က ဆာလာသလိုလို ရှိလာပါတော့သည်။ ထိုနေ့က ထမင်းတစ်နပ်ကို ထိုပုဂ္ဂိုလ် ကပင် စီစဉ်ပေးသွားပါသည်။ သူ့အတွက်တော့ လွယ်လှပါသည်။


ကက္ကူစေတီ များမှ အင်္ဂတေပန်း ရုပ်လုံး ရုပ်ကြွ

တကယ်တော့ ထိုနေရာတွင် လူနေအိမ်ခြေ မရှိ၊ ရွာဝေးသည်။ ဆိုင်မဆိုထားဘိ၊ လူသူပင် မတွေ့ရသော နေရာဖြစ်ရာ သူခေါ်သွားသော နေရာကား တစ်ခုတည်းသော ဘုန်းကြီးကျောင်း ဖြစ်ပါသည်။ ထိုဘုန်းကြီးကျောင်း၌ ဘုန်းကြီးနှစ်ပါး ၊ ကိုရင် နှစ်ပါး၊ ကပ္ပိယလို့ ထင်ရသည့် လူကြီးတစ်ဦးနှင့် အဓိဋ္ဌာန်ဝင် ပုဂ္ဂိုလ်ကလွဲ၍ ကျန်သူများ မြန်မာလို မတတ်၊ လိုက်ပို့သော ပုဂ္ဂိုလ်က ပအို့ဝ်လို ပြောပြီး ဘယ်အချိန်က ထွက်သွားသည် မသိ၊ မတွေ့ရတော့။

ထိုနေ့နေ့လည်စာကို စာရေးသူ တစ်သက်မမေ့။ ပဲပုပ်ထောင်း၊ အားလူးနှင့် ပဲလိပ်(တို့ဟူးလို ပဲပြားကို ပါးပါးလေးလွှာပြီး လှမ်းထားသော ပဲပြားခြောက်) ငရုတ်သီးနှင့် ချက်ထားသည့် ဟင်းတစ်ခွက်၊ ဟင်းရွက်စုံ ဟင်းချို ပူပူတစ်ခွက်၊ ဆန်ကြမ်းဖြင့် ချက်ထားသည့် ခပ်နီနီ ထမင်းပူပူ စေးစေး ထွေးထွေးဖြင့် အလွန်မြိန်သော ထမင်းတစ်နပ် ဖြစ်ခဲ့ပါသည်။

ကက္ကူတွင် တည်ထားသော မူလစေတီမှာ ပုဂံခေတ်က ဘုရင် နရပတိစည်သူ၏ ကုသိုလ်ဟု ဆိုကြသည်။ အရန်စေတီ ရာထောင်ဂဏာန်း အရေအတွက်မှာမူ ရှမ်းပြည်နယ်မှ ရွာစား၊နယ်စား၊ စော်ဘွားနှင့် ဒေသခံပြည်သူ အများကောင်းမှု ဖြစ်ပါသည်။ မူလ ပင်မစေတီကို အပေါ်မှ ထပ်ငုံ၍ တည်ထားသည်။ ထပ်ငုံ တည်ထားကြောင်းကို လက်ရှိစေတီ၏ ကိုယ်ထည်တော် တစ်နေရာတွင် မှန်ဖြင့် အပေါက်ပြု၍ အတွင်းမှ မူလစေတီကို မြင်သာအောင် နေရာ တစ်နေရာတွင် ပြုလုပ်ထားရာ ငြမ်းဆင်ချိန်များ၌ အတွင်းမူလ စေတီကို ယခုလည်း ဖူးတွေ့နိုင်ပါသည်။

ကက္ကူစေတီငယ်များရှိ ရုပ်လုံး ရုပ်ကြွ

ကက္ကူစေတီ ငယ်များ၌ အင်္ဂတေပန်း၊ အင်္ဂတေ ရုပ်လုံးရုပ်ကြွများ စေတီတိုင်းတွင် ရှိသည်။ လက်ရာမှာ အင်းလေးဒေသရှိ အင်းတိမ်မှ စေတီများ၊ တောင်တိုမှ စေတီများ၊ စံကားတာခေါင်မှ စေတီများတွင် ရှိသည့် အင်္ဂတေပန်းများ၊ အင်္ဂတေ ရုပ်လုံးရုပ်ကြွများနှင့် လက်ရာတူ တွေ့ရပေရာ နှောင်းခေတ် ပင်းယခေတ်တွင် မွမ်းမံခဲ့သော လက်ရာများဟု ပညာရှင်များက ယူဆကြသည်။ ပုဂံခေတ်က လက်ဦးလက်မွန် ကောင်းမှုတော်များကို ခေတ်အဆက်ဆက်၌ ထပ်ဆင့် ကောင်းမှု ပြုလုပ်ခဲ့ကြပြီး ပင်းယ၊ အင်းဝခေတ် ကာလတွင် အစည်ကားဆုံး ဖြစ်ခဲ့ပေလိမ့်မည်။

ထိုနေ့က စာရေးသူသည် ဟမ်းဆွီးရွာသို့လမ်းလျှောက် ပြန်ခဲ့ကာ ဟမ်းဆွီး ဘုန်းကြီးကျောင်းတွင် တစ်ည အိပ်ခဲ့ရသည်။ ညစာကို ဆွမ်းကျန်ဖြင့် ပြီးခဲ့ရပြီး နောက်တစ်နေ့ မနက်တွင် `ထော်လာဂျီ´ ကြုံဖြင့် တောင်ကြီးသို့ ပြန်ခဲ့ရလေသည်။

စာရေးသူသည် ကက္ကူသို့ လမ်းပေါက်သော နောက်နှစ်များတွင် အကြိမ်ကြိမ် ရောက်ခဲ့သည်။ နှစ်စဉ် ၀ါကျွတ်နှင့် တပေါင်း လပြည့်တို့တွင် ဘုရားပွဲ ရှိကြောင်းကို ဒေသခံများ ပြောပြ၍ စာရေးသူ ထိုဘုရားပွဲသို့ အကြိမ်ကြိမ် သွားဖြစ်ခဲ့သည်။ ဒုတိယ အကြိမ် ရောက်သောအခါ ဒေသက အေးချမ်းနေပြီး ပအို့ဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီတို့ ငြိမ်းချမ်းရေး ယူကာ ကက္ကူကိုလည်း ဘက်စုံ မွမ်းမံနေကြပြီ။

ပထမ တစ်ခေါက် ရောက်ခဲ့သည့် အချိန်က ရိုက်ကူးခဲ့သော ဓာတ်ပုံများနှင့် ဒုတိယ အကြိမ် ရောက်သော တပေါင်းပွဲ မြင်ကွင်းများ ပေါင်းစပ်ပြီး ထိုစဉ်က ကြီးပွားရေး ဂျာနယ်တွင် မျက်နှာဖုံး ဆောင်းပါး ရေးခဲ့ရာ ကက္ကူအကြောင်း တော်တော် များများ ဖတ်ကြရသည်။


ကက္ကူဘုရားပွဲလာ ပအို့ဝ်များ လှည်းစခန်း ချရာ ညောင်ပင်ရိပ်

တတိယအကြိမ် တပေါင်းပွဲသို့ ရောက်သွားသော အခါ မှတ်မှတ်ရရ ဖြစ်စရာများ ကြုံတွေ့ခဲ့ရပေသည်။ ကြုံခဲ့ရပုံကား ဘုရားပွဲတော် လုံခြုံရေးကို ပအို့ဝ် ငြိမ်းချမ်းရေးတပ်က တာဝန်ယူထားသည်။ စာရေးသူ ပွဲခင်း ရောက်သွားသော အခါ တာဝန်ခံဟု ဆိုသည့် ပအို့ဝ် ငြိမ်းချမ်းရေးတပ်မှ ဗိုလ်မှူးတစ်ယောက်က လာနှုတ်ဆက်ပါသည်။ စာရေးသူက မမှတ်မိ။ ထိုသူ ပြောပြမှ မှတ်မိတော့သည်။ပထမဆုံး ရောင်ဝါးဝါးနှင့် ကက္ကူရောက်သွားစဉ်က ဘုန်းကြီးကျောင်း၌ အပ်ပေးသော၊ ထမင်းတစ်နပ် စီစဉ်ပေးသော ပုဂ္ဂိုလ် ဖြစ်ပေ၏။ သူကား ဗိုလ်မှူး ချစ်လွယ် ဖြစ်သည်။

ပြန်စဉ်းစားကြည့်ပြီး သူ့ကို မေးခွန်း တစ်ခုပင် မေးလိုက်မိသေး၏။ `ဟိုတုန်းက ခင်ဗျားက တာဝန်နဲ့ ပေါ့နော်…..´ ဟု မေးပြော ပြောမိခြင်း ဖြစ်ပါသည်။`ဟုတ်တယ်လေ……..ခင်ဗျားက အေးအေးဆေးဆေး ဗဟုသုတ ရှာပြီး ဓာတ်ပုံ လာရိုက်တာ ဆိုတော့ ကျွန်တော်က ကူခဲ့တာပေါ့ဗျာ……..´ဟု ဆိုရှာပါသည်။ `ဒါပေမဲ့ ကျွန်တော်တို့က အဖြူတွေမို့ပေါ့၊ ခင်ဗျား အနီတွေနဲ့ တွေ့ရင်တော့ အဲဒီလို ထမင်း စားချင်မှ စားရမှာ…….´ ရယ်သွမ်းသွေးရင်း ပြောခဲ့ရာ စာရေးသူ တစ်ယောက် တပေါင်းလ အနွေးဓာတ်ပင် ပျောက်မလို ချမ်းစိမ့်စိမ့် ဖြစ်ခဲ့ရပါသည်။

ထို့အပြင် စာရေးသူ ကံကောင်းပါသည်။

ဗိုလ်မှူး ချစ်လွယ်က စာရေးသူအား လက်ဆွဲ ခေါ်သွားပါသည်။ ပါးစပ်ကလည်း ပြောပါသေးသည်။`ခင်ဗျားကို အဘနဲ့ တွေ့ပေးရမယ်၊ ပွဲမှာ အဘ ရောက်နေတယ်´ ဟု ဆိုပါသည်။ စာရေးသူလည်း ဘုမသိ ဘမသိဖြင့် အဘဆိုသူထံ ပါသွားပါသည်။ အဘဆိုသော ပုဂ္ဂိုလ်ကား ဦးအောင်ခမ်းထီ ဖြစ်ပါတော့သည်။ ဘုရားပွဲ ဦးစီးသော ပအို့ဝ် ရပ်မိရပ်ဖများနှင့် ဘုန်းကြီးကျောင်းရှေ့တွင် ပလတ်စတစ်ဖျာများ ခင်းကာ ထိုင်နေကြပါသည်။ လား…..လား…….သူ့လက်ထဲတွင် ကက္ကူဘုရားပွဲ အကြောင်း ရေးထားသော ကြီးပွားရေး စာအုပ်လည်း ကိုင်ထားပါသည်။မျက်နှာဖုံးက မနှစ်က တပေါင်းပွဲတော်လာ ပရိသတ်ကြီးပုံ ရိုက်ထားသော စာရေးသူ၏ လက်ရာ ဓာတ်ပုံ ဖြစ်ပါသည်။

`အဘ…….ဒါ အဲဒီမျက်နှာဖုံးပုံနဲ့ ဆောင်းပါးရေးတဲ့သူပဲ´ ဟု ဗိုလ်မှူး ချစ်လွယ်က သတင်းပို့ပါသည်။ ထိုအခေါက်က ကက္ကူခရီးစဉ် ဇာတ်လမ်းဆုံးကား ကက္ကူ ဟမ်းဆွီး မဟုတ်ပါ။

ဦးအောင်ခမ်းထီက စာရေးသူအား ဖက်လှဲတကင်း စကားဆိုလိုက်ပါသည်။ လူသိနည်းသေးသော ကက္ကူအကြောင်း၊ ကက္ကူဘုရားပွဲအကြောင်း ဓာတ်ပုံများ၊ ဆောင်းပါးများ အတွက် ကျေးဇူးတင် စကား ဆိုပါသည်။ ပြီးတော့ မလိုက်မနေရ စိုက်ခေါင်၊ ဆီဆုံ၊ ကျောက်တစ်လုံး အထိ ခေါ်သွားကာ စာရေးသူအား ကျောက်တစ်လုံးရှိ သူ့နေအိမ်တွင် ညနေစာ ကျွေးမွေးပြီးမှ တောင်ကြီးသို့ ပြန်လွှတ်ပါသည်။

ကက္ကူခရီးများကား မမေ့နိုင်စရာ ခရီးသွား အမှတ်တရများ ဖြစ်ပါတော့သည်။

စိန်မျိုးမြင့်......







Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ