ချစ်သူလမ်းကြားဆိုတာ…
ချော်လဲရောထိုင်လို့မရအောင် ခလုတ်ကန်သင်းများတယ်၊

ချစ်သူလမ်းကြားဆိုတာ…
ကျဉ်းလွန်းတော့ ဟိုတိုးဒီတိုက်နဲ့ အထိအခိုက်များတယ်၊

အဲဒီ့လမ်းကြားကလေးက
လူနှစ်ယောက် ဖြောင့်ဖြောင့်သွားလို့မရဘူး။

အဲ့ဒီ့လမ်းကြားကလေးမှာ
နှစ်ယောက်သား အဆိပ်ဖြစ်စေတဲ့ လေတွေတိုက်တယ်၊
အဲဒီ့အဆိပ်က ပြင်းလွန်းတော့
တစ်ယောက်အဆိပ်မိရင်
နောက်တစ်ယောက်ပါ ရင်ကွဲနာကျသေရတယ်။

အဲဒီ့လမ်းကြားကလေးမှာ
ချစ်သူတွေ တောင်းထားတဲ့ဆုတွေဟာ
အမြစ်တွေတောင် တွယ်နေပြီ။

တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။

အဲဒီ့လမ်းတိုကလေးမှာပဲ
ချစ်သူတွေ ကျကျန်ခဲ့တဲ့
နှလုံးသားအပဲ့အရွဲ့တွေ၊ မျက်ရည်စက်တွေ၊
ငိုသံတွေ၊ ရယ်သံတွေ၊ စကားလုံးအပိုင်းအစတွေ၊
အပြုံးလှလှလေးတွေ၊ အနမ်းချိုချိုလေးတွေ၊ …
………………………………………………………..
ကျကွဲသွားတဲ့ သူတို့ရဲ့အချစ်တွေ…။ ။



ရင်မင်းသစ်